သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးရေး ပြည်တွင်း ၁၂ ဖွဲ့ တောင်းဆို


နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးရေး ပြည်တွင်း ၁၂ ဖွဲ့ တောင်းဆို

မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ညီညွတ်ရေးကို ရရှိဖို့ဆိုရင် အစိုးရသစ် မပေါ်ပေါက်မီမှာ နိုင်ငံရေး အကျဉ်းသား ၂,၂၀၀ ကျော်ကို အမြန်ဆုံး လွှတ်ပေးဖို့အတွက် ပြည်တွင်းအခြေစိုက် ရဟန်းသံဃာနဲ့ ကျောင်းသားလူငယ် အဖွဲ့အစည်း ၁၂ ဖွဲ့က ဒီကနေ့ တောင်းဆိုလိုက်ပါတယ်။ တဆက်တည်းမှာပဲ ဒီလို လွတ်မြောက်ဖို့အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့နဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကိုပါ ပူးပေါင်း ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာစစ်အစိုးရက ရေးဆွဲထားတဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၁၂၃ အရဆိုရင် ရွေးကောက်ပွဲ ကျင်းပပြီး ရက်ပေါင်း ၉၀ အတွင်းမှာ ပထမဆုံး ပြည်သူ့လွှတ်တော် အစည်းအဝေးကို ခေါ်ယူကျင်းပပြီး အစိုးရသစ် ဖွဲ့စည်းရမှာ ဖြစ်ပါတယ်။

ဒီလို အစိုးရသစ် မဖွဲ့စည်းခင်မှာ ပြည်တွင်းအခြေစိုက် ရဟန်းသံဃာနဲ့ ကျောင်းသားလူငယ် အဖွဲ့အစည်း ၁၂ ဖွဲ့က မြန်မာပြည်မှာ စစ်မှန်တဲ့ ညီညွတ်ရေး ရရှိနိုင်ဖို့အတွက် အခုလို တောင်းဆိုတာ ဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်က ပြောရေးဆိုခွင့်ရှိသူ ကိုဇာနည်က ပြောပါတယ်။

“အဓိကကတော့ အခုဆိုရင် ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်ခေါ်ပြီး မြန်မာနိုင်ငံမှာ အစိုးရသစ်တရပ် ပေါ်လာတော့မယ်ပေါ့။ အဲလို ပေါ်လာတော့မယ့် အချိန်မှာပဲ မြန်မာနိုင်ငံအရေး အတွက်ကို တကယ်ကို လုပ်ခဲ့တဲ့ ရဲဘော်တွေက ဝေးလံသီခေါင်တဲ့ ထောင်တွေထဲမှာ ရောဂါဘယဒဏ်တွေ၊ ထောင်တွင်းဒဏ်တွေကို ဒုက္ခ ခံစားနေရပါတယ်။ ဒါတွေကို အမြန်ဆုံး ပြန်လည် လွတ်မြောက်စေချင်ပါတယ်။ တကယ်လို့ စစ်မှန်တဲ့ နိုင်ငံတော်သစ်၊ စစ်မှန်တဲ့ ညီညွတ်ရေးကို လိုချင်တယ်ဆိုရင် ဒီလို အကျဉ်းသားတွေကို ပထမဦးဆုံး အနေနဲ့ လွှတ်ပေးသင့်တယ်လို့ ကျနော်တို့က ယူဆပြီး ဒါကို တောင်းဆိုတာပါ။”

ထိုင်းနိုင်ငံ အခြေစိုက် မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းရဲ့ ထုတ်ပြန်ချက်အရ မြန်မာပြည်မှာ နိုင်ငံရေး အကျဉ်းသားပေါင်း ၂,၂၀၃ ဦး ရှိနေပြီး သူတို့တွေကို မိသားစုနဲ့ ဝေးလံတဲ့ အကျဉ်းထောင်တွေမှာ ချုပ်နှောင်ထားတာ ဖြစ်ပါတယ်။

အဖွဲ့အစည်း ၁၂ ဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဒီလို နိုင်ငံရေး အကျဉ်းသားတွေကို ခြွင်းချက်မရှိ လွှတ်ပေးတာဟာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် ပထမဆုံးခြေလှမ်း ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီလို နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပြီးရင် နောက်ပိုင်းမှာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် ဆွေးနွေး အဖြေရှာဖို့ လိုမယ်လို့ ကိုဇာနည်က ဆက်ပြောပါတယ်။

“နောက်ပိုင်းမှာတော့ တိုင်းရင်းသားတွေနဲ့ စုပြီးတော့ စစ်မှန်တဲ့ အမျိုးသားညီလာခံ တခုပေါ့။ ဒုတိယ ပင်လုံလည်း ဟုတ်ချင်ဟုတ်မယ်၊ မဟုတ်ချင် မဟုတ်ဘူးပေါ့၊ စသည်ဖြင့် စစ်မှန်တဲ့ အမျိုးသား ညီလာခံ တခုကို ပြန်လည်ခေါ်ဆောင်ဖို့ လိုပါတယ်။ အဲဒီကနေပြီး တိုင်းရင်းသားတွေရဲ့ သဘောထား၊ တခြား အတိုက်အခံတွေရဲ့ သဘောထား၊ မဟာမိတ်တွေရဲ့ သဘောထား အားလုံးကို သိရှိနားလည်ပြီးတော့ စစ်မှန်တဲ့ အခြေခံဥပဒေတရပ် ပေါ်ထွန်းလာပြီးတော့ အဲလိုမှသာလျှင် တကယ်စစ်မှန်တဲ့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဖြစ်မှာပါ။”

ဒီလို တောင်းဆိုတဲ့အဖွဲ့ ၁၂ ဖွဲ့မှာ ပါဝင်တဲ့ မြေလတ်ကျောင်းသားများ အဖွဲ့က ကိုမင်းစိုးနိုင်ကလည်း မြန်မာပြည်ရဲ့ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းရာမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ ပါဝင်မှ ပြေလည်မယ်လို့ ယုံကြည်ထားပါတယ်။

“တိုင်းရင်းသားတွေနဲ့ အခု ပဋိပက္ခတွေ ဖြစ်နေတယ်။ တိုက်ပွဲတွေ ဖြစ်နေတယ်။ ဒါကို ဒီ ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေး အကျဉ်းကျ ခေါင်းဆောင်တွေ လုပ်မှ အားလုံး လွတ်မြောက်မယ်လေ။ ဒါကို ကျနော်တို့ ယုံကြည်ထားတယ်။ သူတို့ လွတ်မြောက်လာတာနဲ့အမျှ ကျုပ်တို့ တိုင်းပြည်ရဲ့ အနာဂတ် သာယာဝပြောမယ်လို့ ယုံကြည်ထားပါတယ်။”

ပြည်တွင်းအခြေစိုက် ရဟန်းသံဃာနဲ့ ကျောင်းသားလူငယ် အဖွဲ့အစည်း ၁၂ ဖွဲ့က မြန်မာစစ်အစိုးရကို နိုင်ငံရေး အကျဉ်းသားတွေ အားလုံး လွှတ်ပေးဖို့ တောင်းဆိုလိုက်တဲ့ တချိန်တည်းမှာပဲ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဝေးလံတဲ့ အကျဉ်းထောင်တွေမှာ ရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေအတွက် အလေးပေး ကူညီဖို့လည်း တိုက်တွန်းထားပါတယ်။

နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကိုလည်း အကျဉ်းထောင်တွေကို သွားရောက် စစ်ဆေးခွင့်၊ အကျဉ်းသားတွေကို ကူညီခွင့်ရအောင် ပြန်လည်ကြိုးစားပေးဖို့နဲ့ ပြည်ပရောက် မြန်မာတွေကိုလည်း နိုင်ငံရေး အကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်အောင် ပူးပေါင်း ပါဝင်ကြဖို့ နှိုးဆော်ထားပါတယ်။

ဒီနှစ် နှစ်သစ်ကူးချိန်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ မြန်မာစစ်အစိုးရကို တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အစိုးရတွေက နိုင်ငံရေး အကျဉ်းသားတွေ ချက်ချင်းနဲ့ ခြွင်းချက်မရှိ လွှတ်ပေးဖို့နဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ကို အကြိမ်ကြိမ် တောင်းဆိုထားတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG