သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်ရှည် နိုင်ငံရေး အကျဉ်းသားတွေ ဒီတကြိမ်လွတ်နိုင်ဖွယ်မရှိ

A boy is pulled from beneath a collapsed wall at the Plaza Towers Elementary School following a tornado in Moore, Okla., Monday, May 20, 2013.
A boy is pulled from beneath a collapsed wall at the Plaza Towers Elementary School following a tornado in Moore, Okla., Monday, May 20, 2013.

မြန်မာနိုင်ငံမှာ သမ္မတ ဦးသိန်းစိန်အမိန့်နဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်ပေမဲ့ ဒီလွတ်ငြိမ်းချမ်းသာခွင့်အရ နိုင်ငံရေးအကျဉ်းသား တော်တော်မျာများ လွတ်နိုင်ခြေ မရှိပါဘူး။ ထောင်ဒဏ် အနှစ် ၃၀ ကျော် ကျနေသူတွေကို အနှစ် ၃၀ လျှော့ပေါ့ပေးတယ် ဆိုတာတောင် နှစ်ရှည်ထောင်ဒဏ် ကျနေကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပါနိုင်မှာမဟုတ်ဘူးလို့ နိုင်ငံရေးအကျဉ်းသားအရေး ဆောင်ရွက်နေကြသူတွေက ပြောပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြထားပါတယ်။

ဇန်နဝါရီလ ၂ ရက် မတိုင်ခင် ကျူးလွန်ခဲ့တဲ့ ပြစ်မှုတစ်ခုခုအပေါ်မှာ ပြစ်ဒဏ်ကျခံနေရသူတွေကို အကန့်အသတ်နဲ့ သမ္မတ ဦးသိန်းစိန်က လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့အတွက် နှစ်ရှည် ထောင်ဒဏ်တွေကို ကျခံနေကြရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်ဖို့ အလားအလာနည်းတယ်လို့ NLD ဗဟို လူမှုထောက်ကူအဖွဲ့က နိုင်ငံရေး အကျဉ်းသား ထောက်ပံ့ရေးတာဝန်ခံ ဦးနိုင်းနိုင်းက သုံးသပ်ပါတယ်။ အနှစ် ၂၀ အောက် ထောင်ကျနေတဲ့သူတွေဆိုလည်း ထောင်ဒဏ်ရဲ့ လေးပုံတစ်ပုံကိုသာ လွတ်ငြိမ်းချမ်းသာခွင့် ပြုလိုက်တဲ့အတွက် နိုင်ငံရေး အကျဉ်းသားတွေ ပါနိုင်တဲ့ အခွင့်အလမ်း နည်းတယ်လို့ ပြောပါတယ်။

“ဥပမာဆိုရင် SNLD က ဦးခွန်ထွန်းဦး၊ ဦးစိုင်းလှအောင် တို့၊ ဦးစိုင်းညွှန့်လွင် တို့ဆိုတဲ့ဟာတွေက နှစ်ပေါင်းက ၆၀၊ ၇၀၊ ၁၀၀ ကျနေတာ။ အဲဒီတော့ သူတို့အတွက် ဘာခံစားခွင့်ရှိမှာလဲ။ နောက်တစ်ခုက မင်းကိုနိုင်တို့ ၆၅ နှစ်ကျော် ကျနေတာတွေ ရှိတယ်။ သူတို့လည်း ဘာမှခံစားရမှာမဟုတ်ဘူး။ နိုင်ငံရေးသမားတွေကို ၂၀ အထက်ကို သူ ချထားတာများတယ်။ ပြစ်ဒဏ်ရဲ့ လေးပုံတစ်ပုံ လျှော့တယ်ဆိုတော့ လေးပုံသုံးပုံ ခံစားရမယ်ဆိုတော့ နိုင်ငံရေးအကျဉ်းသားတွေ အနေနဲ့က တော်တော်များများက နှစ်ကြီးတွေချထားတော့ လေးပုံတစ်ပုံပဲ ရမယ်ဆိုတော့ အများကြီး ကျန်နေဦးမယ်လို့ ယူဆတယ်လေ။”

NLD မှာရှိထားတဲ့ နိုင်ငံရေးအကျဉ်းသား စာရင်းအရ ဆိုရင်တော့ လွတ်လာနိုင်ခြေရှိတဲ့ နိုင်ငံရေးအကျဉ်းသား ၈၀ လောက်ပဲ ရှိနိုင်ပါတယ်။

“နောက်ဆုံး ဒီနေ့စာရင်းကို ပေးတဲ့အခါမှာ ၄၆၄ ယောက် ရှိတယ်။ ကျနော်တို့ စာရင်းအရဆိုရင်၊ ၈၀ နဲ့ ၁၀၀ ကြားပဲ လွတ်လိမ့်မယ်ထင်တယ်။ အခု လွတ်ငြိမ်းချမ်းသာခွင့် ဆိုတဲ့ အမိန့်နဲ့ဆိုရင် သိပ် ထွေထွေထူးထူး လွတ်မှာမဟုတ်ဘူး။ အနည်းအကျဉ်းလေးပဲ လွတ်မယ့်သဘောရှိတယ်။ အထူးသဖြင့် တကယ့် တက်တက်ကြွကြွလုပ်တဲ့ နိုင်ငံရေးသမားတွေ မျှော်လင့်ဖို့မရဘူးလို့ ကျနော် ထင်တယ်။”

လွတ်လပ်ရေးနေ့အတွက် လွတ်ငြိမ်းချမ်းသာခွင့် ရမယ်ဆိုတဲ့ သတင်းတွေ အရင် ထွက်ပေါ်နေကတည်းက နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာရေးအတွက် မိသားစုတွေက မျှော်လင့်နေကြတာပါ။ အဲဒီထဲမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျာရဲ့ ဇနီး မချိုလည်း ပါပါတယ်။

“မျှော်လင့်ထားတာပေါ့။ အရမ်းကို မျှော်လင့်ထားတာ။ ကျမတို့က အားလုံးကို တပြိုင်နက်တည်း အကန့်အသတ်မရှိဘဲနဲ့ လွှတ်ပေးမယ်လို့ ထင်တာလေ။ အခုဟာကကျတော့ ကန့်သတ်ချက်တွေနဲ့ဆိုတော့ နှစ်နည်းတဲ့သူတောင် တခါတည်းနဲ့ ပြန် မလွတ်လာနိုင်ဘူး ထင်တယ်။ ဥပမာ ၁၆ နှစ်ကျတဲ့သူဆိုရင် သူက လေးပုံတစ်ပုံ လျှော့တယ်ဆိုရင် ၁၂ နှစ် နေရဦးမှာပေါ့။ လေးနှစ်ပဲ လျှော့တာပေါ့။ အဲဒီလိုမျိုး သဘောမျိုး။”

လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်ဆိုပေမဲ့ ပြစ်ဒဏ်တွေကို လုံးဝလျှော့ပေါ့ လွှတ်ပေးတာမျိုး မဟုတ်ဘဲ အကန့်အသတ်နဲ့ လျှော့ပေါ့နေတာနဲ့ ပတ်သက်လို့ နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ယောက်က ခုလို သူ့အမြင်ကို ပြောပြပါတယ်။

“ကျနော်တို့ နိုင်ငံရေးအကျဉ်းသားအဖြစ် အကျဉ်းထောင်ထဲ ရှိစဉ်ကတည်းက လွတ်ငြိမ်းချမ်းသာခွင့် အမည်ခံတွေကို ပေးလေ့ရှိတယ်။ စစ်အစိုးရ လက်ထက်မှာကတည်းက။ အဲဒီလို ပေးတဲ့အခါမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မသွားအောင်လို့ သူတို့က သေချာ တွက်ချက်ပြီးတော့ လျှော့ရက်ပုံစံနဲ့ ပေးတယ်။ အဲဒီ လျှော့ရက်ပုံစံတွေကလည်း အမှုတစ်ခု၊ ဝရမ်တစ်ခုမှာပဲ ခံစားခွင့်ပေးလိုက်တဲ့ အတွက် နိုင်ငံရေးအကျဉ်းသားတွေဟာ ဘယ်တုန်းကမှ မလွတ်ခဲ့ဘူး။ အခု ဒီနေ့ပေးတဲ့ပုံစံကလည်း စစ်အစိုးရက လက်ထက်က တွက်ချက်ပြီးပေးတဲ့ ပုံစံနဲ့ အလားတူပဲ ဖြစ်နေတာကို တွေ့ရတယ်။ ဝရမ်ဆိုတာကတော့ သူက ထောင်ထဲသုံးတဲ့စကားလုံးနဲ့ ပြောနေတာ။ တကယ်တော့ ဝရမ်ဆိုတာက အမှုတစ်ခုကို ဝရမ်တစ်ခုလို့ သတ်မှတ်တယ်။ အမှု ၅ ခုနဲ့ချထားရင် အဲဒီလူမှာ ဝရမ် ၅ ခုရှိတယ်။ လူတစ်ယောက်ဟာ ၆၅ နှစ်ကျော် ကျထားပြီးရင် အဲဒီ ၆၅ နှစ်အပေါ်မှာ ခံစားခွင့်မရှိဘဲနဲ့ အဲဒီ ၆၅ နှစ်ကို အမှု ၅ ခုဆိုရင် အမှု ၅ ခုအပေါ်မှာ စိပ်ပြီးတော့ပေးတဲ့အတွက် သူက လွတ်ဖို့အတွက် အများကြီး လိုနေတာဖြစ်နေတယ်။”

သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဇန်နဝါရီလ ၃ ရက်နေ့ကစပြီး အကျဉ်းသားတွေ စပြီး ပြန်လွတ်လာမယ်လို့ ခန့်မှန်းရပါတယ်။ အခုတစ်ခေါက် လွတ်ငြိမ်းချမ်းသာခွင့် ပေးတာဟာ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ တတိယအကြိမ် ဖြစ်ပါတယ်။ ပထမတစ်ကြိမ် မေလတုန်းက အကျဉ်းသား ၁၄,၀၀၀ ကျော်နဲ့ ဒုတိယ တစ်ခေါက် အောက်တိုဘာလမှာ အကျဉ်းသား ၆,၃၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ပါတယ်။ အဲဒီအခေါက်တွေတုန်းကလည်း နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်လာမှု နည်းတဲ့အပေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး Amnesty International လို လူ့အခွင့်အရေး ဆောင်ရွက်နေတဲ့ နိုင်ငံတကာ အဖွဲ့တွေက ဝေဖန်ခဲ့ကြပါတယ်။

This item is part of
XS
SM
MD
LG