သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်ရှိအစိုးရ နိုင်ငံရေးအကျဉ်းသားလွှတ်ဖို့ တောင်းဆို


နိုင်ငံရေးအကျဉ်းသား ဗကသကျောင်းသားများကို ရုံးထုတ်စဉ်။ (မတ်၊၂၀၁၅)
နိုင်ငံရေးအကျဉ်းသား ဗကသကျောင်းသားများကို ရုံးထုတ်စဉ်။ (မတ်၊၂၀၁၅)

ရွေးကောက်ပွဲ အနိုင်ရပါတီနဲ့ လက်ရှိအစိုးရကြား အုပ်ချုပ်ရေးအာဏာ အလွှဲအပြောင်း လုပ်ဆောင်နေတဲ့ ကာလမှာ လက်ရှိဦးသိန်းစိန် အစိုးရအနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ဖော်ဆောင်နေတယ် ဆိုတာကို သက်သေပြတဲ့အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးပါလို့ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။ နိုင်ငံတဝှမ်း အကျဉ်းထောင်တွေထဲ ဖမ်းဆီးထိန်းသိမ်းခံနိုင်ငံရေးအကျဉ်းသားတွေနဲ့ လက်ရှိ ပုဒ်မအမျိုးမျိုးနဲ့ တရားရင်ဆိုင်နေရဆဲ တက်ကြွလှုပ်ရှားသူတွေ လွတ်မြောက်ရေး သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က အလေးထား စဉ်းစား ဆောင်ရွက်ပေးကြပါလို့လည်း တိုက်တွန်းပါတယ်။ အသေးစိတ် ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က ဆက်ပြောပြပေးပါမယ်။

မြန်မာနိုင်ငံတဝှမ်း အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား တစ်ရာကျော် လက်ရှိအကျဉ်းကျခံနေရဆဲဖြစ်ပြီး လယ်သမား၊ အလုပ်သမား၊ တက်ကြွ လှုပ်ရှားသူတွေ၊ ကျောင်းသားတွေ အပါအဝင် တက်ကြွလှုပ်ရှားသူ ငါးရာနီးပါး ဟာလည်း တရားရုံးမှာ ပုဒ်မအမျိုးမျိုးနဲ့ တရားရင်ဆိုင်နေရဆဲ အနေအထားဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာ အတိုက်အခံပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အပြတ်အသတ် မဲအနိုင်ရပြီးတဲ့နောက် ဒီမိုကရေစီအစိုးရသစ်တရပ် ပေါ်ထွန်းလာရေး အုပ်ချုပ်ရေး အာဏာ အလွှဲအပြောင်းကာလမှာ လက်ရှိအစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ အနိုင်ရပါတီဘက်က အဆင်ပြေ ချောမွေ့စေရေးကြိုးပမ်းနိုင်ကြချိန်မှာ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးကိစ္စကို အလေးထား ဆောင်ရွက်ပေးသင့်တယ်လို့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး ဆောင်ရွက်သူတွေက တိုက်တွန်းလိုက်ပါတယ်။ နိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားတွေရှိနေသရွေ့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပေါ်ထွန်းလာမှာ မဟုတ်ဘူးဆိုတာကိုလည်း ထောက်ပြနေကြတာဖြစ်ပါတယ်။

ဒါကြောင့် တာဝန်အရှိဆုံးဖြစ်တဲ့ လက်ရှိဦးသိန်းစိန်အစိုးရအနေနဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ တက်ကြွလှုပ်ရှားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးသင့်တယ်လို့ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားသူ ဦးဘမျိုးသိန်းက ပြောပါတယ်။

“လက်ရှိ ဦးသိန်းစိန်အစိုးရကတော့ အမြန်ဆုံးပေါ့ ဒီကိစ္စတွေကို ဆာင်ရွက်ပေးစေချင်တယ်။ အမြန်ဆုံး အမှုတွေကို ပြီးပြတ်အောင်လုပ်ပေးစေချင်တယ်ပေါ့။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးအကျဉ်းသားတွေ အခု ဒီမိုကရေစီ လမ်းစကလည်းပေါ်နေပြီ။ တကယ်လည်းလျှောက်မယ့် အနေအထားမျိုးရှိနေပြီ။ ဒါတွေကို သူတို့မကိုင်တွယ်သေးတာကိုက သူတို့ဘက်မှာ လိုအပ်ချက်တွေတော်တော်ရှိနေပြီပေါ့။ သူတို့ လုပ်တာကိုင်တာ မပြည့်စုံဘူး။ အချိန်ပေးပြီးလုပ်ရမယ့်ကိစ္စတွေ၊ သူ့တို့ဖက်မှာ ဦးစားပေးပြီး လုပ်ရမယ့်ကိစ္စတွေမှာ ဒီနိုင်ငံရေးအကျဉ်းသားတွေကို ထည့်သွင်းမထားဘူးဆိုတာပေါ်လွင်နေတယ်ပေါ့။ ဒီနိုင်ငံရေးအကျဉ်းသားတွေကိစ္စကို ဦးစားပေး ထည့်သွင်းပြီးတော့ သူတို့အလွှဲအပြောင်း မတိုင်ခင်မှာ ပြီးစီးအောင် လုပ်ပေးရမယ့်ကိစ္စမျိုးပေါ့ ဒါအကြံပြုချင်တယ်။ ဒါ ဦးသိန်းစိန် အစိုးရအနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေကိစ္စကို ပထမအဆင့် အမှုတွေကိစ္စကို အမြန်ဆုံး ပြီးစီးအောင်လုပ်ပေးပါ။ ၂ အချက်ကတော့ သူတို့ အာဏာမလွှဲပြောင်းခင်ပေါ့ နိုင်ငံရေးအကျဉ်းသားအားလုံးပေါ့နော်၊ ပညာရေးကော၊ လယ်ယာကဏ္ဍနဲ့ ပတ်သက်တဲ့ နိုင်ငံရေး ကျနေတဲ့ အကျဉ်းသားတွေ အကုန်လုံးကို လွှတ်ပေးစေချင်တယ်။ အလွှဲပြောင်းကာလမှာ ဒီ နိုင်ငံရေးအကျဉ်းသားဆိုတာ လုံးဝ မရှိစေချင်ဘူးပေါ့။”

အကျဉ်းကျခံတွေနဲ့ တရားရင်ဆိုင်နေရဆဲ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေဘက်က ဥပဒေကြောင်းအရ လိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေကြီးဦးသိန်းသန်းဦးကလည်း လက်ရှိအစိုးရ အနေနဲ့ ဒီမိုကရေစီဖော်ဆောင်နေကြောင်း သက်သေပြနိုင်ဖို့ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံးပြန်လွှတ်ပေးနိုင်ဖို့ တရားဥပဒေနဲ့အညီ လုပ်ပေးနိုင်တဲ့ အခွင့် အာဏာ ရှိပါတယ်လို့ ပြောပါတယ်။

“ဦးသိန်းစိန် အစိုးရက ဂတိပေးခဲ့ပြီးသားပဲ နိုင်ငံတကာကို။ နိုင်ငံရေး အကျဉ်းသား မရှိစေရပါဘူးလို့ပြောပြီးတော့ ၂၀၁၃၊၂၀၁၄ မှာ လုပ်ပေးခဲ့တာပဲ။ အာဏာ အလွှဲအပြောင်းမှာ " ကျွဲကူး ရေပါ" နောက်အစိုးရမတိုင်ခင် ကိုယ်က ရှင်းခဲ့ရမှာပဲ။ ဘာမှ မလွှတ်ပေးနိုင်စရာမရှိဘူး။ လွှတ်ပေးသင့်တာပေါ့။ ကိုယ်လည်း သွားတော့မယ့်ဟာ ။ နိုင်ငံသားတွေအပေါ်မှာ အကောင်းဆုံး လုပ်ကိုင်ဆောင်ရွက်ပေးတယ် ဆိုတဲ့ နာမည်ကောင်းလေးရချင်ရင်တော့ သူ့နောက်ဆုံး အခွင့်အရေးပဲ။ ခုနကပြောသလို အထွေထွေ လွှတ်ငြိမ်းချမ်းသာခွင့်နဲ့ပေးလို့ရတယ်။ ဒါမှမဟုတ် နိုင်ငံရေးအကျဉ်းသားတွေရွေးပြီးတော့ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၄ ဟိုတုန်းကတည်းက သူတို့လုပ်နေကျပါ။ ဟိုတုန်းကတော့ ပြန်ပေးဆွဲထားသလို လုပ်ထားတုန်းကတော့ နိုင်ငံခြားကလာလို့ရှိရင် အလွှတ်ပြရတာလေ။ အဲဒီလိုလည်းလွှတ်လို့ရတာပဲ။ တကယ်တော့ ဒီကိစ္စတွေက ဆောင်ရွက်ပေးသင့်တာပေါ့။ လယ်သမားတွေရော၊ အလုပ်သမားတွေရော၊ ဘုန်းကြီးတွေရော ၊ ကျောင်းသားတွေရော ထောင်ထဲထည့်ထားတာပဲ။ တကယ်တမ်းဆို မကောင်းပါဘူး။ ဒီကိစ္စက ဖြေရှင်းပေးသင့်တဲ့ကိစ္စဖြစ်ပါတယ်။နိုင်ငံရေးအကျဉ်းသားတွေကို ဟိုတုန်းကလို ၁၉၈၀မှာ ၂/၈၀ နဲ့ လွတ်ငြိမ်းချမ်းသာခွင့် လာဘူးတယ်။ နိုင်ငံရေးအကျဉ်းသားမှန်သမျှ ကွင်းလုံးကျွတ် ၊ သေဒဏ်ကအစ ကွင်းလုံးကျွတ် လွတ်တာ။ ကျန်တဲ့ အကျဉ်းသားတွေက တဝက်ရတာ။ အဲဒါမျိုးလဲလုပ်လို့ရတယ်။ ဥပမာ ကျောင်းသားတွေကို စွဲထားတဲ့အမှုတွေကို ပြန်ရုပ်သိမ်းပေးလိုက်လည်း ရတာပါပဲ။ ဘယ်လိုလုပ်လုပ် "သူ -ရှင်ဘုရင် ဘယ်နှစ်ပတ် လှည့်လှည့် " လုပ်လို့ရတာပါပဲ။ ဥပဒေတွေက ကြိုက်တဲ့ ဥပဒေတွေ သုံးလို့ရပါတယ်။ စိတ်စေတနာပဲ အဓိက အရင်းခံပါ။”

အစိုးရသစ်တရပ်ဖွဲ့စည်းနိုင်တဲ့အထိ ပြည်သူ့ဆန္ဒမဲအပြတ်အသတ်နဲ့အနိုင်ရခဲ့တဲ့ NLD ပါတီအနေနဲ့လည်း နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးကို အလေးထားဆောင်ရွက်နေကြောင်းနဲ့ NLD အစိုးရသစ်လက်ထက်မှာလည်း အကျဉ်းသားတွေအရေး ဆောင်ရွက်ပေးဖို့ ရှိတယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်တဲ့ ဦးဝင်းမြင့်ကပြောပါတယ်။

“ပါတီအနေနဲ့ကတော့ ဒါတွေ အကုန်လုံး စဉ်းစားထားတာတွေတော့ ရှိပါတယ်။ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်လို့ကတော့ ဌာနချုပ်မှာပေါ့နော် ဒီနိုင်ငံရေးအကျဉ်းသားမှာလည်း အန်ကယ်လ်ဦးတင်ဦးတို့ ဘာတို့ သွားပြီးတော့ ထိတွေ့တာတွေတော့ရှိတယ်။ နောက်တခုက ဒီ အလွှဲအပြောင်းပြီးလို့ NLD အစိုးရဖြစ်မှ ဒီဟာကပြောလို့ရတာ ရှိမယ်။”

လက်ရှိအစိုးရဘက်က အာဏာ အလွှဲအပြောင်းကာလ မတိုင်ခင် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်နဲ့လည်း ပြန်လွှတ်ပေးနိုင်ခြေတွေ ကို နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးလှုပ်ရှားသူတွေက မျှော်လင့်နေကြတာပါ။ အကျဉ်းထောင်တွေမှာ အထိန်းသိမ်းခံရဆဲအခြေအနေမှာ တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့စဉ်က ရိုက်နှက်အကြမ်းဖက်ဖမ်းဆီးခံခဲ့ရမှုတွေမှာ ထောင်ဆေးရုံတွေထဲ လုံလောက်တဲ့ ဆေးဝါးကုသမှုမရခဲ့တာ ၊ သူတို့ရဲ့ ကျန်းမာရေးချို့တဲ့မှုတွေအတွက် စနစ်ကျတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ခံယူခွင့် မရပဲဖြစ်နေတဲ့အတွက် နိုင်ငံရေး လှုပ်ရှားသူတွေရဲ့ကျန်းမာရေး အခြေအနေဟာ စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေတယ်လို့ သိရပါတယ်။

XS
SM
MD
LG