သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစာငတ်ခံ ဆန္ဒပြခဲ့သူတွေကို ပြစ်ဒဏ်တိုက် ပြန်ပို့


အစာငတ်ခံ ဆန္ဒပြခဲ့သူတွေကို ပြစ်ဒဏ်တိုက် ပြန်ပို့
အစာငတ်ခံ ဆန္ဒပြခဲ့သူတွေကို ပြစ်ဒဏ်တိုက် ပြန်ပို့

အင်းစိန်ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားတွေ အစာငတ်ခံ ဆန္ဒပြနေကြတဲ့ဆီကို နေပြည်တော်က စုံစမ်း စစ်ဆေးရေးအဖွဲ့ ရောက်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မေလ ၂၈ ရက်ကစပြီး ဆန္ဒပြ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ထောင်ဝင်စာ တွေ့ခွင့်နဲ့ ပါဆယ်ပေးခွင့်ကို အကန့်အသတ်မရှိ ပိတ်ပင်လိုက်ရုံမက ဆန္ဒပြသူတွေကိုလည်း တိုက်ပိတ်ထားလိုက်တယ်လို့ ဆိုပါတယ်။ အင်းစိန်နဲ့ တပြိုင်တည်း ကလေးမြို့က အကျဉ်းထောင်မှာလည်း အကျဉ်းသား အခွင့်အရေး တောင်းဆိုနေတဲ့ အရှင် ဂမ္ဘီရကို ထောင်ဝင်စာတွေ့ခွင့် ပိတ်ထားကြောင်း မိသားစုက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

အကျဉ်းသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေး ၆ ချက်ကို တောင်းဆိုပြီး အစာငတ်ခံ ဆန္ဒပြခဲ့တဲ့ အင်းစိန် အကျဉ်းထောင်က နိုင်ငံရေး အကျဉ်းသားတွေကို ထောင်ဝင်စာ တွေ့ခွင့်နဲ့ ပါဆယ်ပေးခွင့်တွေကို အကန့်အသတ်မရှိ ပိတ်ပင်လိုက်ကြောင်း နိုင်ငံရေး အကျဉ်းသား အကျိုးဆောင်ကွန်ရက်က ကိုအောင်ထွန်းဇော်က အခုလို ပြောပြပါတယ်။

“အစာငတ်ခံ တိုက်ပွဲဝင်နေတဲ့ အထဲမှာ ပါဝင်တဲ့ နိုင်ငံရေးအကျဉ်းသား မိသားစု ၂ စုက ဒီနေ့ နေ့ခင်း ၁ နာရီလောက်မှာ သွားတွေ့တယ်။ သွားတွေ့တော့ အရှေ့မှာရှိတဲ့ ထောင်ဝင်စာ တာဝန်ခံ ဒု-ထောင်မှူး အဆင့်ကနေပြီးတော့ ထောင်ဝင်စာ လာတွေ့တာနဲ့ တပြိုင်တည်း ဘယ်သူ့ကို လာတွေ့တာလဲဆိုတဲ့ နာမည်မေးပြီးတာနဲ့ သူတို့လက်ထဲမှာ အသင့်ကိုင်ထားတဲ့ နာမည်ရေးထားတဲ့ စာရွက်လေးနဲ့ တိုက်ကြည့်ပြီးတော့ ဒီလူ ဒီလူဆိုရင်တော့ တွေ့ခွင့်မရနိုင်ဘူး ဆိုပြီးတော့ သူက ပြောတယ်။ ပါဆယ်လည်း မပေးရဘူး၊ ထောင်ဝင်စာလည်း တွေ့ခွင့်ပိတ်ထားတယ်လို့ အကြောင်းပြန်လိုက်တယ်။

“အဲဒီအခါကျတော့ ထောင်ဝင်စာ သွားတွေ့တဲ့ အစာငတ်ခံ ဆန္ဒပြတဲ့ အထဲမှာ ပါနေတဲ့ နိုင်ငံရေး အကျဉ်းသားရဲ့ မိသားစုက အိမ်က လူတွေကို ဘာလို့ တွေ့ခွင့်မပေးတာလဲ၊ ဘယ်လို အကြောင်းပြချက်များ ရှိသလဲလို့ မေးတဲ့အခါ ဒု-ထောင်မှူးက လုံခြုံရေး အခြေအနေအရ ပြောပြလို့ မဖြစ်နိုင်ပါဘူးလို့ အကြောင်းပြန်တယ်။ အဲဒီတော့ မိသားစုက ထပ်မေးတယ်၊ အချိန်ကာလ ဘယ်လောက်အထိ ထောင်ဝင်စာ ပိတ်ထားသလဲ၊ ပါဆယ်ပိတ်ထားသလဲလို့ မေးတော့ သူတို့က အဲဒါကိုလည်း အတိအကျ မပြောနိုင်ဘူး၊ နောက်တပတ်မှာ ပြန်ပြီး လာစုံစမ်းပါဆိုပြီး ပြောလိုက်တယ်။

“အစာငတ်ခံ ဆန္ဒပြမှုမှာ ပါတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ၅ ဆောင် တိုက် ၁၊ ၂ ထဲမှာ ထည့်ပြီးတော့ တိုက်ပိတ်ထားတယ်လို့ ကြားသိရတယ်။”

မေလ ၂၈ ရက်ကစပြီး ထောင်ဝင်စာတွေ့ခွင့် ပိတ်ခံထားရသူတွေထဲမှာ နိုင်ငံရေး အကျဉ်းသား ၃၀ ခန့် ပါဝင်တယ်လို့လည်း မိသားစုတွေထံက သိရပါတယ်။ ဒီလိုပိတ်ပင်လိုက်တာကတော့ မေလ ၂၇ ရက်နေ့ မနက်ပိုင်းမှာ နေပြည်တော်က ဆင်းလာတဲ့ စုံစမ်း စစ်ဆေးရေး အဖွဲ့ကို နိုင်ငံရေး အကျဉ်းသားတွေက ဆန္ဒပြ ကြွေးကြော်မှုတွေ လုပ်ရာကနေ တင်းမာမှုတွေ ဖြစ်ခဲ့ရတာလို့ ဆိုရမှာပါ။ နိုင်ငံရေး အကျဉ်းသားတွေဟာ စာဖတ်ခွင့်၊ မိသားစုနဲ့ လွတ်လပ်စွာ တွေ့ဆုံခွင့်၊ ဆက်သွယ်ခွင့် အပါအဝင် အကျဉ်းသားတွေရဲ့ အခြေခံ ရပိုင်ခွင့်တွေကိုပဲ တောင်းဆိုခဲ့တာပါ။

ကလေး အကျဉ်းထောင်ထဲမှာ ထောင်ဒဏ် ၆၃ နှစ် ကျခံနေရတဲ့ စက်တင်ဘာ သံဃာ့လှုပ်ရှားမှုက ဦးဆောင်သံဃာတပါး ဖြစ်တဲ့ ဦးဂမ္ဘီရကလည်း အကျဉ်းသား အခွင့်အရေးတွေကို ပေးဖို့ အစိုးရကို တောင်းဆိုထားတဲ့စာ ထုတ်ခဲ့တဲ့အတွက် မေလ ၂၇ ရက်နေ့က မိသားစု တွေ့ချိန်မှာ ထောင်ဝင်စာတွေ့ခွင့် ပိတ်ထားလိုက်ပါတယ်။ အမတော်စပ်သူ မခင်သူဌေး ပြောပြခဲ့တာကတော့…

“ဂိတ်စောင့်တဲ့ကောင်လေးက သိနေတာပေါ့၊ အမ တွေ့လို့ရမယ် မထင်ဘူးတဲ့၊ အဲဒီလို ပြောတာ။ အရင်တပတ်က ဦးဇင်း တောင်းဆိုတဲ့စာ ထုတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး တွေ့လို့ရမယ် မထင်ဘူးတဲ့။ အဲဒီလိုကျတော့ ငါ မပြန်နိုင်ဘူးလို့၊ သွားပြီးတော့ တွေ့ခွင့်တင်ပေးဆိုတော့ အမဆန္ဒအရ သွားပါမယ်ဆိုပြီး သူက အထဲကို ပြန်ဝင်သွားတယ်။ သွားပြီး ထောင်မှူးတွေဆီမှာ ကျမပေးတဲ့အကြောင်းကို တင်ပြပြီး ၁၅ မိနစ်လောက်ကြတော့ ပြန်ထွက်လာတယ်၊ မရဘူး အမတဲ့၊ နောက် နယ်မြေခံရဲနဲ့ SB တယောက် ဝင်လာပြီးတော့ ဒီနေ့ ဦးဇင်းတို့ ဆန္ဒပြမယ်ကြားလို့ သတင်းလာယူတာပေါ့၊ အဲဒီလို ပြောတယ်။ ပြီးရင် SB တွေလည်း ရောက်လာမယ်လို့ ပြောတယ်။”

ထောင်ဝင်စာတွေ့ခွင့် မရတာကြောင့် ပါဆယ်ပေးဖို့အတွက် ကြိုးစားခဲ့ရာမှာ အစားအသောက်တွေကို လက်ခံခြင်း မရှိတာ တွေ့ရတယ်လို့လည်း မခင်သူဌေးက ပြောပြပါတယ်။

“စာအုပ်စာရင်းတွေတော့ လက်ခံထားတယ်။ အစားအသောက်တွေတော့ လက်ခံထားတာ မတွေ့ရဘူး။ လက်မှတ်လည်း ထိုးထားတယ်။ လက်မှတ်က ဦးဇင်း ထိုးနေကျ လက်မှတ်မဟုတ်ဘဲ အမည်ပဲ ရေးထားတာပေါ့။ အစားအသောက်ကတော့ လက်ခံထားတာ မတွေ့ရဘူး။”

ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က ထောင်ဝင်စာ တွေ့ချိန်မှာ အကျဉ်းသား အခွင့်အရေးအတွက် တောင်းဆိုထားတဲ့စာကို အရှင် ဂမ္ဘီရက ထောင်ဝန်ထမ်းရဲ့ လက်ထဲကနေ တရားဝင် ပေးလိုက်တာဖြစ်ပြီး လိပ်မူထားတာကတော့ နိုင်ငံတော် သမ္မတအပြင် အကျဉ်းဦးစီးဌာန၊ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်၊ အာဆီယံ လူ့အခွင့်အရေး ကော်မတီ၊ အာရှ လူ့အခွင့်အရေး ကော်မရှင်တို့ကိုလည်း မိတ္တူပို့ထားတာ ဖြစ်ပါတယ်။

ဒီစာကို ထုတ်ပေးခဲ့တဲ့ ထောင်ဝန်ထမ်းတွေဟာ မသိနားမလည်လို့ ထုတ်ပေးလိုက်တာ ဖြစ်တဲ့အတွက် သူတို့ကိုလည်း အရေးယူတဲ့ အနေနဲ့ နယ်ပြောင်းရွှေ့ဖို့ စီစဉ်နေတယ်လို့လည်း ကလေး အကျဉ်းထောင်က ဝန်ထမ်းတွေက ဆိုပါတယ်။

ဦးဂမ္ဘီရဟာ ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့မှာ ဖမ်းဆီးခံခဲ့ရပြီး နိုဝင်ဘာလ ၁၁ ရက်နေ့မှာ အင်းစိန်ထောင်ကို ရောက်ရှိပြီးတဲ့နောက် နယ်စပ်ဖြတ်ကျော်မှု လူဝင်မှု အက်ဥပဒေ ၁၃(၁)၊ တရားမဝင်အသင်းနဲ့ ဆက်သွယ်မှု ၁၇(၁)၊ ၁၇(၂၀) စတဲ့ ပုဒ်မ ၁၆ ခုနဲ့ ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့မှာ အမိန့်ချမှတ်ခံခဲ့ရပြီး ထောင်ဒဏ် ၆၃ နှစ် ကျခံနေရတဲ့ သံဃာတပါးလည်း ဖြစ်ပါတယ်။

XS
SM
MD
LG