သုံးရလွယ်ကူစေသည့် Link များ

အစာငတ်ခံ ဆန္ဒပြ နိုင်ငံရေး အကျဉ်းသား ၇ ဦး တိုက်ပိတ်ခံရ


အစာငတ်ခံ ဆန္ဒပြ နိုင်ငံရေး အကျဉ်းသား ၇ ဦး တိုက်ပိတ်ခံရ

မကြာသေးခင်က ထောင်တွင်း အစာငတ်ခံ ဆန္ဒပြမှုကို ဦးဆောင်ခဲ့သူ ခေါင်းဆောင် ၇ ဦးကို အင်းစိန်ထောင်ထဲက ပြစ်ဒဏ်တိုက်ထဲမှာ တိုက်ပိတ်ထားလိုက်ပြီး ကျန်တဲ့ အစာငတ်ခံ ဆန္ဒပြမှုမှာ ပါဝင်သူ အားလုံးကို သူတို့နေထိုင်ရာ အဆောင်တွေကို ပြန်ပို့ပေးခဲ့ပါတယ်။ ဒါပေမဲ့လည်း မိသားစုတွေ သူတို့နဲ့ ထောင်ဝင်စာတွေ့ခွင့်နဲ့ ပါဆယ် ပေးပို့ခွင့်တွေကို ပိတ်ထားဆဲပဲ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မေလ ၂၂ ရက်နေ့ကစပြီး အစာငတ်ခံ ဆန္ဒပြနေတဲ့ အင်းစိန် အကျဉ်းထောင်က နိုင်ငံရေး အကျဉ်းသားတွေနဲ့ ထောင်အာဏာပိုင်တွေကြား တင်းမာမှုတွေ ဆက်လက် ဖြစ်ပေါ်နေဆဲလို့ ဆိုရမှာပါ။ မေလ ၂၈ ရက်နေ့က ပြစ်ဒဏ်တိုက်ထဲကို အပိတ်ခံရသူတွေထဲက ခေါင်းဆောင်လို့ ယူဆရသူ ၇ ဦးကိုတော့ ဆက်လက် ပိတ်လှောင်ထားဆဲ ဖြစ်သလို အစာငတ်ခံ ဆန္ဒပြမှုမှာပါတဲ့ ကျန်တဲ့ နိုင်ငံရေး အကျဉ်းသားတွေလည်း ထောင်ဝင်စာ တွေ့ခွင့်နဲ့ ပါဆယ်ပေးခွင့်တွေ ပိတ်ပင်ထားဆဲ ဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ အနေနဲ့ သူတို့ရဲ့ အခြေခံ ရပိုင်ခွင့် အခွင့်အရေးတွေ တောင်းဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက မြန်မာအစိုးရကို ဖိအားပေးမှုတွေ များလာတဲ့အတွက် လိုက်လျောသလိုနဲ့ အခုတော့ ခေါင်းဆောင်ပိုင်းတွေကို ခွဲထုတ်ပြီး အရေးယူတဲ့ ပုံစံမျိုး ဖြစ်နေတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အတွင်းရေးမှူး ကိုတိတ်နိုင်ကလည်း ပြောပါတယ်။

“၂၂ ရက်နေ့ကတည်းက အစာငတ်ခံ ဆန္ဒပြတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပထမ အဆောင်ကို ပြန်ပို့တယ်။ နောက်တခါ နေပြည်တော်က စစ်ဆေးရေး လာတယ်ဆိုပြီးတော့ သူတို့နဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့ အခါကြတော့ တိုက်ထဲကို ပြန်ပို့လိုက်တယ်လို့ ကြားတယ်။ အဲဒါက အမှတ် ၅ အဆောင်မှာရှိတဲ့ တိုက်ထဲကို ပို့တယ်လို့ ပြောပါတယ်။ အဲဒီတိုက်ကလည်း ပြစ်ဒဏ်တိုက် ဖြစ်ပါတယ်။ အဲဒီတိုက်ကလည်း ၈ ပေပတ်လည်ပဲ ရှိတဲ့ တိုက်လေးပါ။ သူတို့က လိုက်လျောမလိုလို ဘာလိုလိုနဲ့ တကယ်တမ်းကြတော့ ဒီလူတွေကို အပြစ်ပေး အရေးယူတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။ ထောင်ဝင်စာလည်း တွေ့လို့ မရတော့ပါဘူး။”

ထောင်ဝင်စာတွေ ပိတ်ပင်ထားတဲ့အတွက် သူတို့အတွက် စားရေးသောက်ရေး အခက်အခဲတွေ ရှိနေပြီး ကျန်းမာရေးအရ ထိခိုက်မှုတွေ ရှိနိုင်တယ်လို့လည်း ဆက်ပြောသွားပါတယ်။

“ထောင်ဝင်စာတွေ ပိတ်ထားတဲ့ အတွက်ကတော့ အကျဉ်းသားတွေ အနေနဲ့ ရှေ့ဆက် ထောင်ကပေးတဲ့ ရိက္ခာနဲ့ပဲ စားရမယ် ဆိုတဲ့အခါကြတော့ ကျန်းမာရေးအတွက် အင်မတန် ထိခိုက်နိုင်ပါတယ်။ အခုလို တိုက်ပိတ်ထားတဲ့ အတွက်လည်း ကျန်းမာရေး စောင့်ရှောက်မှု မရပါဘူး။ အဲဒီအခါမှာ သူတို့ရဲ့ ကျန်းမာရေးအတွက်ကတော့ အဓိက ထိခိုက်မယ့် အခြေအနေမျိုး ရှိပါတယ်။”

လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ဖြစ်တဲ့ Human Rights Watch အဖွဲ့ကြီး အပါအ၀င် ကုလသမဂ္ဂ အနေနဲ့ အနီးကပ် စောင့်ကြည့်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား (Mr. Tomas Ojea Quintana) ကလည်း ပြောဆိုခဲ့သလို အစာငတ်ခံ ဆန္ဒပြနေသူတွေရဲ့ အကျဉ်းသား ရပိုင်ခွင့် တောင်းဆိုနေတာတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာက အာရုံစိုက်ပြီး စောင့်ကြည့်ဖို့ လိုအပ်ကြောင်း အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားနေတဲ့ US Campaign for Burma အဖွဲ့ကလည်း ကြေညာချက် ထုတ်ပြန်ထားပြီးနောက် အင်းစိန်ထောင်တွင်းက အစာငတ်ခံ ဆန္ဒပြသူတွေရဲ့ အခြေအနေတွေကို နိုင်ငံတကာက အာရုံစိုက်မှု ဖြစ်လာခဲ့တာပါ။

အကျဉ်းထောင်တွင်း စာဖတ်ခွင့်၊ မိသားစုတွေနဲ့ လွတ်လပ်စွာ တွေ့ဆုံခွင့်၊ ကျန်းမာရေး စောင့်ရှောက်ခွင့်တွေပါတဲ့ အချက် ၆ ချက်ကို တောင်းဆိုပြီး အစာငတ်ခံ ဆန္ဒပြခဲ့တဲ့ အင်းစိန်ထောင်က နိုင်ငံရေး အကျဉ်းသားတွေကို အကျဉ်းဦးစီးဌာနနဲ့ ထောင်အာဏာပိုင်တွေက ညှိနှိုင်းမှုတွေ လုပ်ပေးပြီး အစာငတ်ခံ ဆန္ဒပြနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေက သူတို့ အဆင်ပြေပြီဖြစ်ကြောင်း ပြောဆိုပြီး နောက်မှာတော့ နိုင်ငံတကာရဲ့ အာရုံစိုက်မှု လျော့ကျချိန်ကျမှ အခုလို အပြစ်ပေး အရေးယူလိုက်တာ ဖြစ်တယ်လို့လည်း AAPP က ပြောပါတယ်။

XS
SM
MD
LG