သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး အကျဉ်းသားတွေ လွှတ်နိုင်ဖို့ သာယာဝတီ တရားရုံး ပြင်ဆင်


သာယာဝတီအကျဉ်းထောင်က ကျောင်းသားများ ရုံးထုတ်လာစဉ်
သာယာဝတီအကျဉ်းထောင်က ကျောင်းသားများ ရုံးထုတ်လာစဉ်

နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့အတွက် ဆောင်ရွက်နေတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက စာထွက်လာတဲ့အတွက် သာယာဝတီ တရားရုံးမှာ အမှုရင်ဆိုင်နေရတဲ့ သူတွေကို လွှတ်ေ့ပးဖို့ အဆင်သင့် ပြင်ဆင်ထားတယ်လို့ သာယာဝတီ ခရိုင် တရားသူကြီး ဦးကျော်စွာငြိမ်းက VOA မြန်မာပိုင်းကို အခုလေးတင် ပြောကြားလိုက်ပါတယ်။ မအင်ကြင်းနိုင် ဆက်သွယ်မေးမြန်း ထားပါတယ်။

အင်ကြင်းနိုင်။ ။ ဒီနေ့တရားရုံးချိန်းမှာ ကျောင်းသူ၊ ကျောင်းသားတွေ အပေါ်စွဲဆိုထားတဲ့အမှု တွေနဲ့ပတ်သက်လို့ တရားသူကြီးဘက်က ဘယ်လိုဆောင်ရွက်ဖို့ရှိပါလဲရှင့်။

တရားသူကြီး။ ။ ညကတည်းက နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးကနေစာထွက်တယ်ဆိုတော့ ကျနော်တို့လည်း မျှော်လင့်ပြီးတော့ ကျနော်တို့ဘက်တော့အကုန်လုံးကြိုတင် ပြင်ဆင်ထားပါတယ်။ တရားစွဲဆိုတဲ့အဖွဲ့အစည်းက ဒါနဲ့ပတ်သက်ပြီး ပုဒ်မ (၄၉၄) ရုပ်သိမ်းခွင့်တင်ပြလာတယ်ဆိုရင် ကျနော်တို့ဘက်က အချိန်မှီဆောင်ရွက်နိုင်ဖို့ အဆင့်သင့်အကုန်လုပ်ထားပါတယ်။

အင်ကြင်းနိုင်။ ။တရားစွဲအဖွဲ့အစည်းဆိုတာ အစိုးရရှေ့နေဘက် တရားလိုဘက်ကိုပြောတာလားရှင့်။

တရားသူကြီး။ ။ အခုတော့ တရားစွဲတာက ရဲမှူး ဖုန်းမြင့်ပေါ့။ ရဲမှူးဖုန်းမြင့်က ရဲပေါ့နော်။ တရားစွဲအဖွဲ့အစည်းဆိုတာ ရဲတို့၊ ဥပဒေတို့ပေါ့။ ရဲကနေပြီး တရားလိုလုပ်လာတဲ့အမှုမှာ ဥပဒေရုံးကို ရုပ်သိမ်းခွင့်ပြုဖို့အတွက် တင်ပြတယ်ဆိုရင် ဥပဒေရုံးကနေ တရားရုံးကိုတင်ပြတယ်ဆိုရင် ကျနော်တို့က ချက်ချင်းဆောင်ရွက်လို့ ရပါပြီ။

အင်ကြင်းနိုင်။ ။ တကယ်လို့ အဲဒီအတိုင်းဖြစ်လာမယ်ဆိုရင် ထိန်းသိမ်းထားတဲ့ကျောင်းသူ၊ ကျောင်းသားတွေကို တရားရုံးက ပြန်လွှတ်ပေးတယ်ဆိုတဲ့ လုပ်ထုံးလုပ်နည်းက ဘယ်လိုပုံစံမျိုးသွားမလဲရှင့်။

တရားသူကြီး။ ။ အရင်တုန်းကတော့ (၇၁)ယောက်ကနေ (၆၉)ယောက်ရှိတဲ့အထဲကနေပြီး ကျနော်အာမခံပေးထားတာက (၃၀)ကျော်လောက်ပေးထားတယ်ဆိုတော့ အခု (၃၀)ကျော်လောက်ကျန်သေးတာပေါ့။ အဲတော့ (၃၀)ကျော်လောက်ကျန်တဲ့သူတွေကို ကျနော်တို့ကတော့ တရားရုံးမှာ တခါတည်း လွှတ်ဝရမ်ရေးပေးပြီးတော့ သူတို့ကိုဆရာဝန်နဲ့ ထောင်ပြန်လွှဲပေးပြီးတော့ ထောင်ကနေပြီးသူတို့ရဲ့မှတ်တမ်းတွေကို ရေးမှတ်ပြီးတဲ့အခါ ထောင်ကနေပြီး အပြီးလွှတ်မှာပါ။ ကျန်တဲ့ အာမခံပေးထားတဲ့သူတွေကိုတော့ စွဲချက်မတင်မှီလွှတ်လိုက်တယ်ဆိုတဲ့ အမိန့်နဲ့ ချလိုက်မှာဖြစ်တဲ့ အတွက် သူတို့ကတော့ တခါတည်းတရားရုံးကနေ လွတ်သွားပြီပေါ့။ သူတို့က ထောင်ပြန်စရာ မလိုတော့ဘူးပေါ့။ အာမခံမရပဲ ထောင်ထဲကနေ အမှုရင်ဆိုင်နေရတဲ့သူတွေကတော့ ထောင်ခဏပြန်ပြီး မှတ်တမ်းမှတ်ရာရေးသွင်းပြီးမှ လွှတ်ပေးမှာဖြစ်ပါတယ်။

အင်ကြင်းနိုင်။ ။ တကယ်လို့ လွှတ်မယ်ဆိုရင် အုပ်စုလိုက်လွှတ်လိုက်မှာလား၊ ပုဂ္ဂိုလ်တဦးချင်းစီဖြစ်လာမလား၊ ဘယ်လိုပုံစံမျိုးဖြစ်မလဲရှင့်။

တရားသူကြီး။ ။ ဒီအမှုကြီးကိုရုပ်သိမ်းခွင့်တင်လိုက်တဲ့အတွက်ကြောင့် ကျနော်ကတော့ ဒါကိုရုပ်သိမ်းခွင့် ပြုတဲ့အနေနဲ့စွဲချက်မတင်ဘူး၊ လွှတ်လိုက်တယ်ဆိုတဲ့ ကျနော့်အမိန့်ကြောင့် တခါတည်းအားလုံးလွတ်မှာပါ။ ဒီနေ့ရုံးချိန်းမှာ တချို့အမှုတွေမှာ အသက်မပြည့်သေးတဲ့ကလေးအမှုနဲ့ဆက်စပ်တာတွေလည်းရှိနေတော့ အဲတာတွေလည်းပါသွားနိုင်တာပေါ့။ တင်လာမယ်ဆိုရင်ပေါ့လေ။

အင်ကြင်းနိုင်။ ။ တင်လာမယ်ဆိုတာက ရုံးချိန်းခေါ်မှပဲ ဒီအခြေအနေကိုသိရမှာလားရှင့်။

တရားသူကြီး။ ။ သူတို့လည်းတင်မှာပါ။ သူတို့လည်းဒါနဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာအစိုးရက ညွှန်ကြားချက်ရတယ်ဆိုရင် ရှေ့နေချုပ်ရုံးက အလုပ်တွေလုပ်နေလောက်ပြီထင်ပါတယ်။ ရုံးချိန်က (၉)နာရီခွဲ ဆိုရင်တင်လာမှာပဲ။ ဒီနေ့မှာတော့ နှစ်မျိုးရှိမှာပဲ။ ရိုးရိုးပြစ်မှုဆိုင်ရာနဲ့ အရေးယူထားတဲ့သူတွေကို အရင် ထုတ်ပြီးတော့မှ သူတို့အမှုတွေကို ဆောင်ရွက်ရမှာဆိုတော့ (၁၀)နာရီခွဲပတ်ဝန်းကျင်လောက် ဖြစ်မယ်ထင်တယ်။

အင်ကြင်းနိုင်။ ။ ဒီနေ့ရုံးထုတ်မယ့် ကျောင်း သူ၊ ကျောင်းသား ဘယ်နှစ်ရောက်လောက် လွတ်လာဖို့ရှိမလဲရှင့်။

တရားသူကြီး။ ။ အကုန်ပေါ့ဗျာ။ စွဲထားသူအကုန်ပေါ့။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG