သုံးရလွယ်ကူစေသည့် Link များ

အမျိုးသားပညာရေး ဥပဒေကို ဆန့်ကျင်ကန့်ကွက်လို့ အကြမ်းဖက် ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေကို သာယာဝတီ တရားရုံးကနေ အမှုရုပ်သိမ်းပြီး လွှတ်မိန့် ထုတ်ပြန်လိုက်ပြီ ဖြစ်ပါတယ်။ ကျောင်းသားနဲ့ ၀ိုင်းရံပြည်သူ စုစုပေါင်း ၃၄ ဦး သာယာဝတီတရားရုံးကတဆင့် ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ပါတယ်။

သာယာဝတီအပြင် ရန်ကုန်မှာရှိတဲ့ အခြားတရားရုံးတွေမှာ ဒီကနေ့ ရုံးထွက်လာတဲ့ ကျောင်းသားခေါင်းဆောင်တွေကိုလည်း သက်ဆိုင်ရာ တရားရုံးတွေ ကနေ လွှတ်မိန့်ထုတ်ပြန်ပါတယ်။ ဒါပေမဲ့ ဗကသ ကျောင်းသားခေါင်းဆောင် ငါးဦးဖြစ်တဲ့ ကိုကျော်ကိုကို၊ မဖြိုးဖြိုးအောင်၊ ကိုနန္ဒာစစ်အောင်၊ ကိုမင်းသွေးသစ်နဲ့ ကိုလင်းထက်နိုင်တို့ ကတော့ ရန်ကုန်တိုင်း အခြားမြို့နယ်တွေမှာ စွဲဆိုခံထားရတဲ့ အမှုတွေရှိတာကြောင့် အင်းစိန်ထောင်မှာ ပြန်လည်စောင့်ရမယ် လို့ နောက်ဆုံးအခြေအနေအရ သိထားရပါတယ်။ ထောင်အသီးသီးမှာ အမိန့်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၀၀ နီးပါးကိုတော့ စီစစ်နေပြီး မကြာခင်ရက်ပိုင်းအတွင်း ပြန်လည်လွှတ်ပေးမယ်လို့ သမ္မတရုံးဝန်ကြီးဌာန ပြောခွင့်ရသူ ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းအရ ဆိုရင်တော့ ထောင်ချခံရတဲ့ နိုင်ငံရေးအကျဉ်းသားစုစုပေါင်း တရာကျော် ရှိပြီး၊ လေးရာကျော်ဟာ အမှုမျိုးစုံနဲ့ တရားစွဲဆိုခံထားရတယ်လို့သိရပါတယ်။ မနေ့တုန်းက ဒေါ်အောင်ဆန်းစုကြည် လက်မှတ်နဲ့ ထုတ်ပြန်လိုက်တဲ့ နိုင်ငံတော် အတိုင်ပင်ပုဂ္ဂိုလ်ရုံးရဲ့ ပထမဆုံးကြေညာချက်မှာတော့ နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေးဟာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဦးစားပေး လုပ်ငန်းစဉ်ဖြစ်ပြီး၊ ဒီလူတွေ အခု မြန်မာနှစ်သစ်ကူးကာလမှာ လွတ်မြောက်လာဖို့ အမြန်ဆုံး ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

တရားရုံးအချို့က အမှုရုပ်သိမ်းလိုက်ပေမယ့်လို့ အခြားမြို့နယ်တရားရုံးတွေက အမိန့်ကို စောင့်ခံနေတဲ့ ကျောင်းသားခေါင်းဆောင်ငါးဦးလည်း မကြာခင် ဒီနေ့ညဖက် ပြန်လည်လွတ်မြောက်လာနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ မဖြိုးဖြိုးအောင် ကိုမင်းသွေးသစ် ကိုနန္ဒစစ်အောင်တို့ သုံးဦးကတော့ သာယာဝတီထောင်ရှေ့မှာပဲ ကျန်နေတဲ့ မြို့နယ်တရားရုံး လွှတ်မိန့်တွေကို စောင့်နေပြီး၊ အခု ည ၇ နာရီမှာ လွတ်မြောက်နိုင်ဖွယ်ရှိတယ် လို့သိရပါတယ်။ တချိန်တည်းမှာ ရန်ကုန်တိုင်းထဲက အမှုတွေရင်ဆိုင်နေရတဲ့ ကိုကျော်ကိုကိုနဲ့ ကိုလင်းထက်နိုင်တို့ကလည်း ကျန်မြို့နယ်တရားရုံး လွှတ်မိန့်တွေ စောင့်နေပြီး၊ ဒီညပဲ လွတ်မြောက်နိုင်ဖွယ်ရှိပါတယ်။

XS
SM
MD
LG