သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျန်ရှိ နိုင်ကျဉ်းများ ရက်ပိုင်းအတွင်း လွတ်မြောက်ဖွယ်ရှိ


ဒီမိုကရေစီပညာရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြလို့ လက်ပံတန်း၊ သာယာဝတီမှာ အမှုရင်ဆိုင်နေရတဲ့ ကျောင်းသူ၊ ကျောင်းသားအများစုကို ဒီကနေ့ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလိုက်သလိုပဲ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း မကြာမီ ရက်ပိုင်းအတွင်း လွှတ်ပေးဖို့ စီစဉ်နေတယ်လို့ သမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။ သမ္မတရဲ့အမိန့်နဲ့ နိုင်ငံရေး အကျဉ်းသား သီးသန့်ကိုသာ လွတ်ငြိမ်းခွင့်ပေးမှာကြောင့် စနစ်တကျ စီစစ်နေတယ် လို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။

နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရသစ် လက်ထက်မှာ နိုင်ငံရေး အကျဉ်းသားတွေ နိုင်ငံရေး တက်ကြွလုပ်ရှားသူတွေ အပါအဝင် နိုင်ငံရေးနဲ့ ဆက်နွယ်ပြီးတော့ အမှု ရင်ဆိုင်နေကြ တဲ့ ကျောင်းသား ကျောင်းသူတွေ လွတ်မြောက်ရေး ကို ဦးစားပေး လုပ်ဆောင် သွားမယ်လို့ မနေ့က ကြေညာချက် တစောင် ထွက်ပေါ်ပြီးနောက်ပိုင်း ဒီကနေ့မှာပဲ ဒီမိုကရေစီကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်လို့ ဖမ်းဆီး တရား စီရင်ခံနေရတဲ့ ကျောင်းသား ကျောင်းသူတွေ ဒီကနေ့ လွတ်မြောက်လာပါတယ်။

ဒါ့အပြင် အကျဉ်းထောင်တွေထဲမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ကို မကြာမီ ရက်ပိုင်းအတွင်းမှာ လွှတ်ပေးဖို့ စီစဉ်နေတယ်လို့ သမ္မတရုံး ဝန်ကြီးရဲ့ ပြောခွင့်ရ ပုဂ္ဂိိုလ် ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

"ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အဲ့တာတွေနဲ့ပတ်သက်ပြီး စိစစ်မှုတွေ လုပ်နေတယ်။ စိစစ်ပြီးတာနဲ့ သမ္မတက လွှတ်မှာပေါ့နော်။ ပြီးတော့ ငြိမ်းသက်သာခွင့်၊ ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ပေါ့နော်။ အဲ့တာလုပ်မယ်။ အဲ့တာလုပ်လို့ လွတ်ငြိမ်း သက်သာခွင့် ရတဲ့သူတွေကို အမြန်ဆုံးပေါ့နော် ဒီနေ့ မှီချင်မှ မှီမယ်။"

နိုင်ငံရေး အကျဉ်းသားတွေ၊ နိုင်ငံရေး တက်ကြွ လုပ်ရှားသူတွေကိုသာ သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးဖို့ စီစဉ်ထားပြီး စနစ်တကျ လေ့လာဆန်းစစ်မှုတွေ လုပ်နေတာကြောင့် ကြန့်ကြာမှုတွေ ရှိနေတာ ဖြစ်တယ်လို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။

"သက်ဆိုင်ရာဌာနနဲ့ စစ်ဆေးမှုတွေ လုပ်နေတယ်။ လုပ်နေတော့ အဓိက ဦးတည်ချက်က ဘာလဲဆိုတော့ နိုင်ငံရေး အကျဉ်းသားပေါ့။ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူဖြစ်ရမယ်။ နောက်တချက်က လွတ်ငြိမ်းချမ်းသာခွင့်ဖြစ်တဲ့ အတွက် သတ်မှတ်တဲ့သူပေါ့။ သတ်မှတ်တဲ့နိုင်ငံရေးအကျဉ်းသားကိုပဲ လွတ်အောင် လုပ်နေတဲ့အတွက် စီစဉ်မှုက နည်းနည်းလေး ကြာနေတယ်။ ကြန့်ကြာနေတယ်။ အရင်တုန်းက ပြစ်ဒဏ်တွေ အကုန်လုံး အကျဉ်းထောင်တွေ အားလုံးမှာ ရှိတဲ့အားလုံး အုတ်ရောရော ကျောက်ရောရော အဲ့လိုမဖြစ်စေချင်တဲ့ သဘောအရပေါ့နော်။ ဆိုလိုတာက သာမာန် ရာဇဝတ်မှု ပြစ်မှုတွေပေါ့နော် ပြစ်မှုကျခံနေရတဲ့သူတွေ မပါအောင် နိုင်ငံရေးအကျဉ်းသားသီးသန့်ပေါ့ အဲ့လိုမျိုး စိစစ်ပြီးတော့ လွတ်မြောက်ဖို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးနိုင်ဖို့ လုပ်နေတယ်။"

ကိုထက်အောင်။ ။ နိုင်ငံရေး အကျဉ်းသား အဖြစ် ပြစ်ဒဏ် ကျခံနေရတဲ့သူတွေ ကို အေအေပီပီ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း ကပြောတာတော့ ၁၂၁ဦးရှိပါတယ်တဲ့။ ဆရာတို့က စိစစ်နေတဲ့အပိုင်းမှာရော လူ ဘယ်လောက်လောက်များ ရှိပါသလဲ။ လူဘယ်လောက်လောက်ကိုများ လွှတ်ပေးဖို့ စီစဉ်နေပါသလဲခင်ဗျ။ နိုင်ကျဉ်းတွေကိုပေါ့။

" နိုင်ကျဉ်းပေါ့နော်။ ဒီဘက်မှာတော့ အတိအကျတော့ မရသေးဘူး။ စိစစ်မှု တွေ လုပ်နေတယ်။ စိစစ်နေဆဲပဲ။ ဦးရေကတော့ တစ်ရာအောက်လား မသိဘူးခင်ဗျ။ လောလောဆယ်တော့ စိစစ်နေဆဲပဲ။ အဲ့လိုပဲ ပြောလို့ရတယ်။"

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ပြဌာန်း ထားတာကတော့ လက်ရှိ အကျဉ်းထောင်တွေထဲမှာ အကျဉ်းကျခံနေရတဲ့ သူတွေထဲမှာ သတင်းထောက်တွေ၊ နိုင်ငံရေး တက်ကြွလုပ်ရှားသူတွေ လယ်သမားတွေ အပါအဝင် နိုင်ကျဉ်း ၁၂၁ ယောက်ရှိပြီး အားလုံး လွတ်မြောက်ဖို့ လိုအပ်တယ် လို့ AAPP ရဲ့ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။

" ကျနော်တို့ကတော့ ကျနော်တို့ပေးထားတဲ့ စာရင်းထဲက လူတွေက နိုင်ငံရေးနဲ့ ဆက်စပ်ပတ်သက်ပြီးတော့ အဖမ်းခံတဲ့သူတွေဆိုတာ သေချာတယ်။ ဆိုတော့ ဒီလူတွေ အကုန်လွတ်မြောက်လာဖို့ လိုအပ်ပါတယ်။ အဲ့ဒီ့အထဲမှာ တက်ကြွလှုပ်ရှားသူတွေ ပါမယ်။ သတင်းမီဒီယာသမားပါမယ်။ လယ်သမားရေး လှုပ်ရှားသူတွေ ပါမယ်။ အလုပ်သမားရေး ပါမယ်။ နောက် ရခိုင်ဒေသခံတွေ ပါမယ်။ ဥပမာ မနေ့တနေ့ကမှ ထောင်ချလိုက်တဲ့ ရခိုင်တပ်မတော်နဲ့ ဆက်စပ်ပတ်သတ်တယ် ဆိုပြီးတော့ ထောင်အချခံရသူ ၂၂ယောက်ရှိပါတယ်။ ဆိုတော့ ဒီလူတွေလည်း ပါဖို့လိုအပ်ပါတယ်။"

ကိုထက်အောင်။ ။ သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ကပြော တာက ပြစ်ဒဏ် ကျခံနေရတဲ့နိုင်ငံရေး အကျဉ်းသားကို သူတို့အနေနဲ့ စိစစ်နေတာက တစ်ရာအောက်ပဲ ရှိတယ်ပြောပါတယ်။ အဲ့ဒီ့အပေါ်မှာရော ဘယ်လို သဘောထားရှိပါသလဲ။

" သူတို့က ဘယ်လိုပုံစံမျိုးတွေနဲ့ ရွေးချယ်သလဲဆိုတာ ကျနော်တို့ သေသေချာချာ မသိပါဘူး။ မသိတဲ့အခါကျတော့ ကျနော်တို့ ပြောရခက်ပါတယ်။ ကျနော်တို့က သေသေချာချာ အရင် လက်ကျန်နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီ လက်ထက်ကတည်းကိုက ဒါကို စနစ်တကျနဲ့ ချိန်ပြီးတော့ လုပ်ထားတာပါ။"

ဒီကနေ့ လက်ပံတန်း သာယာဝတီမှာ အမှု ရင်ဆိုင်နေရတဲ့ ကျောင်းသား ကျောင်းသူ အများစုနဲ့ သူတို့နဲ့ အတူ ဆန္ဒပြမှုမှာ ပါဝင်ခဲ့တဲ့ သူတွေကို အမှုကနေ ရုတ်သိမ်းပြီး လွှတ်ပေးလိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီမိုကရေစီ ကျောင်းသားလှုပ်ရှားမှုမှာ ဦးဆောင် ပါဝင်ကြတဲ့ မဖြိုးဖြိုးအောင် ၊ ကိုနန္ဒစစ်အောင် ၊ ကိုမင်းသွေးသစ် ကိုကျော်ကိုကို နဲ့ ကိုလင်းထက်နိုင်တို့ကတော့ အမှုမပြတ်သေးတဲ့အတွက် လွတ်မြောက်ခြင်း မရှိသေးပါဘူး။

ဒါ့အပြင် အကျဉ်းထောင်တွေထဲမှာ ပြစ်ဒဏ်ကျခံနေရတဲ့ ယူနတီ ဂျာနယ် အယ်ဒီတာ နဲ့ သတင်းထောက် ၄ ယောက်အပါအဝင် တခြား နိုင်ငံရေး တတ်ကြွ လုပ်ရှားသူတွေ လည်း လွတ်မြောက်ခြင်း မရှိသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရသစ် တက်လာပြီး သီတင်းပတ် တစ်ပတ်ကျော်အကြာမှာပဲ အမှုရင်ဆိုင်နေတဲ့ ကျောင်းသားကျောင်းသူတွေကို လွတ်မြောက်ပေး လိုက်ပြီး ပြစ်ဒဏ် ကျခံနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ သမ္မတ ဦးထင်ကျော်က စီစဉ်နေပါတယ်။

အခု လွှတ်ပေးလိုက်တဲ့ ကျောင်းသားတွေကို ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၄၉၄ အရ အမှု ရုပ်သိမ်းပြီး လွှတ်ပေးတာဖြစ်သလို၊ ပြစ်ဒဏ် ကျခံရပြီးသား နိုင်ငံရေး အကျဉ်းသားတွေ ကိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၂၀၄ ပုဒ်မ ခွဲ (က)အရ သမ္မတရဲ့ လုပ်ပိုင်ခွင့် နဲ့ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပေးမှာဖြစ်တယ်လို့ သမ္မတရုံး ဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။ ဒီအတွက် အမျိုးသား ကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီ ရဲ့ ထောက်ခံအတည်ပြုမှု ရယူစရာမလိုပါဘူး။

XS
SM
MD
LG