သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသား ၃၀ ကျော် လွတ်မြောက်


လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်ပေးလိုက်သည့် အကျဉ်းသားအချို့။ မေ ၁၇၊ ၂၀၁၁။
လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်ပေးလိုက်သည့် အကျဉ်းသားအချို့။ မေ ၁၇၊ ၂၀၁၁။

သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ မြန်မာနိုင်ငံ တဝန်းရှိ အကျဉ်းထောင်တွေထဲက အကျဉ်းသား ၁၄,၆၀၀ ကို ဒီကနေ့ကစပြီး လွှတ်ပေးလိုက်ပြီလို့ အကျဉ်းဦးစီးဌာနက ပြောဆိုလိုက်ပါတယ်။ အခု လွှတ်ပေးမယ့် စာရင်းထဲမှာ အမျိုးသမီး ၂,၁၆၆ ယောက် ပါဝင်တယ်ဆိုတဲ့ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းရဲ့ အပြောကို ကိုးကားပြီး ရန်ကုန်လာတဲ့ AP သတင်းမှာ ဖော်ပြလိုက်တာပါ။

အင်းစိန်အကျဉ်းထောင်မှာ အကျဉ်းကျနေသူ ၈,၀၀၀ ကျော်အနက် ၂,၆၀၀ ကို လွှတ်ပေးလိုက်ပြီး သေဒဏ်ကျခံရမယ့်သူ ၃၄၈ ယောက်ကို တသက်တကျွန်း ပြစ်ဒဏ်ကို လျှော့ပေါ့ပေးလိုက်တယ်လို့ ဆိုပါတယ်။ ဒီနေ့လွှတ်ပေးလိုက်တဲ့ အကျဉ်းသားတွေထဲမှာ လောလောဆယ် နိုင်ငံရေး အကျဉ်းသား ၃၀ ကျော် ပါဝင်တယ်လို့ ဗွီအိုအေက သတင်းရရှိထားပါတယ်။

နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသား အများစုအတွက် တနှစ်လျှော့ပေါ့ပေးတယ် ဆိုတာဟာ စော်ကားလိုက်တာပဲလို့ Human Rights Watch လူ့အခွင့်အရေး စောင့်ကြည့်တဲ့ အဖွဲ့က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေ အနည်းအကျဉ်းပဲ ပြန်လွတ်လာတာနဲ့ ပတ်သက်ပြီး မြန်မာအစိုးရသစ်ဟာ အရင်အစိုးရတွေ အတိုင်းပဲ ဒီမိုကရေစီ ပေါ်ထွန်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်လိုစိတ် မရှိဘူးဆိုတာကို ပြသလိုက်တာပဲလို့ ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) ကလည်း တုံ့ပြန်ပါတယ်။

၂၀၀၄ ခုနှစ်က စစ်အစိုးရအတွင်း အုပ်ချုပ်ရေးပိုင်းနဲ့ စစ်ထောက်လှမ်းရေးအကြား အာဏာလွန်ဆွဲပွဲမှာ အဖမ်းခံ၊ အရေးယူခံခဲ့ရတဲ့ စစ်ထောက်လှမ်းရေး အရာရှိဟောင်း တချို့လည်း ဒီနေ့လွှတ်မယ့် စာရင်းမှာ ပါတယ်လို့ ရန်ကုန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ စစ်အစိုးရ ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်၊ စစ်ထောက်လှမ်းရေး အကြီးအကဲလည်း ဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်တော့ စာရင်းထဲမှာ မပါဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ အကျဉ်းထောင်ပေါင်း ၄၂ ခု၊ အလုပ်ကြမ်း ရဲဘက်စခန်းပေါင်း ၁၀၉ ခုရှိပြီး အကျဉ်းသားဦးရေ ၆၀,၀၀၀ ကျော် ရှိပါတယ်။

XS
SM
MD
LG