သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်ငြိမ်းချမ်းသာအမိန့်အရ နိုင်ကျဉ်းတချို့လွတ်


နိုင်ငံရေးအကျဉ်းသား ဦးဝင်းရွှေကို မိသားစုက ကြိုဆိုနှုတ်ဆက်နေစဉ်။
နိုင်ငံရေးအကျဉ်းသား ဦးဝင်းရွှေကို မိသားစုက ကြိုဆိုနှုတ်ဆက်နေစဉ်။
မြန်မာအစိုးရရဲ့ ပြစ်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လည် လွတ်မြောက်လာကြပြီ ဖြစ်ပါတယ်။ ဒီအထဲမှာ နိုင်ငံရေးအမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူတချို့လည်း ပါဝင်ပါတယ်။ ဒီကနေ့ လွတ်မြောက်လာသူတွေဟာ ဘယ်သူတွေလဲဆိုတာကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။

နိုင်ငံတော် သမ္မတရုံးရဲ့ (အမိန့်အမှတ်၊ ၅၁/၂၀၁၃) အရ ဒီဇင်ဘာလ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အရ အင်းစိန်ထောင်နဲ့ မန္တလေးထောင်အပြင် တခြားအကျဉ်းထောင်တွေကနေ အကျဉ်းသားတွေ ပြန်လည် လွတ်မြောက်လာကြပါတယ်။

ရန်ကုန် အင်းစိန်ထောင်မှာတော့ မနက်ပိုင်းကနေ ညနေ ၆ နာရီခွဲကျော်လောက်အထိ အကျဉ်းသား ၁၂ ဦး လွတ်မြောက်လာခဲ့ကြောင်း အင်းစိန်ထောင်ရှေ့မှာ ရှိနေတဲ့ တက်ကြွလှုပ်ရှားသူ ကိုသိန်းအောင်မြင့်က ဆိုပါတယ်။

“လွတ်တာက ကိုတင်ကျော်၊ ဦးလူအေး၊ မစိန်ဌေး၊ ကိုမြင့်နိုင် ၄ ဦး လွတ်တယ်။ ဒေါ်နော်အုန်းလှ၊ စည်သူ လွတ်တယ်။ ပေါင်း အားလုံး ၁၂ ဦးပါ။”

ညနေ ၆ နာရီခွဲကျော် အချိန်လောက်မှာ ပြန်လည် လွတ်မြောက်လာသူ ကိုထင်ကျော်ကတော့ ပုဒ်မ ၁၈ နဲ့ ပုဒ်မ ၅၀၅ (ခ) တွေနဲ့ အမှုပေါင်း ၁၅ မှုလောက် တရားစွဲဆို ခံထားရသူပါ။ သူကတော့ -

“သမ္မတကြီးကနေ သူ့ကတိအတိုင်း လွှတ်ပေးတဲ့အပေါ်မှာတော့ ကျနော်တို့က ကြိုဆိုပါတယ်။ ထောက်လည်းထောက်ခံပါတယ်။ သို့သော် အဲ့ဒီအပေါ်မှာ ဒီ ၃၁ ရက်နေ့အမိန့်ပဲတည်တဲ့ ၂၀၁၃ က ကိစ္စတွေ ဒီဘက်မှာ မသက်ဆိုင်ဘူးဆိုရင်တော့ အဲ့ဒါဆိုရင်တော့ လွဲမှားတဲ့ ဆုံးဖြတ်ချက်ပဲ ဖြစ်ပါလိမ့်မယ်။ ကျနော်တို့ကတော့ လူထုအကျိုးနဲ့ပတ်သက်လာရင် ဒီနိုင်ငံမှာရှိတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းတွေအားလုံး၊ လုပ်ဖော်ကိုင်ဖက်တွေအားလုံးကတော့ အကျိုးစီးပွား အကာအကွယ် မပေးနိုင်တဲ့ကိစ္စတွေကို ဘယ်သူမှလည်း လေးစားမှာမဟုတ်ဘူး။ အစိုးရက ဒီအတိုင်း လွှတ်လိုက်၊ ဖမ်းလိုက်၊ လွှတ်လိုက်၊ ဖမ်းလိုက်နဲ့ အချိန်တွေကုန်ပြီးတော့မှ သမိုင်းမှာ အစိုးရရဲ့ အမဲစက်တွေဖြစ်သွားမှာစိုးတဲ့အတွက် ပြည်သူလူထုရဲ့ အကြပ်အတည်းကို ပူးပေါင်းဖြေရှင်းရင် အောင်မြင်ပါလိမ့်မယ်လို့ ဒါ နှစ်သစ်ဦး ကျနော် မင်္ဂလာစကား ပြောလိုပါတယ်ခင်ဗျာ။”

မန္တလေးမြို့ အကျဉ်းထောင်ကနေ လွတ်မြောက်လာသူတွေကတော့ ပုဒ်မ ၅၀၅ (ခ) နဲ့ လွတ်မြောက်သူများဖြစ်ပြီး ညပိုင်းအထိ လွတ်မြောက်လာသူစာရင်းဟာ ၉ ဦးသာ ရှိကြောင်း တက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ ကိုညီညီကျော် က ပြောပါတယ်။

“နိုင်ငံရေးအကျဉ်းသားဟောင်းထဲက မလွတ်ပါဘူးခင်ဗျာ။ ပြီးခဲ့တဲ့ မန္တလေးနဲ့ဝန်းကျင်မှာ ရုတ်ရုတ် ရုတ်ရုတ် ဖြစ်ခဲ့ကတည်းကပေါ့နော်။ ကောလဟာလသတင်းဖြန့်တယ်လို့ သတ်မှတ်ခံရတဲ့ ကိုမြင့်ဦးရယ်၊ နောက် မန္တလေးမှာ ကမ္ဘာမကြေမှုလို့ ခေါ်တတ်တယ်ဗျ၊ ပတ်ဝန်းကျင်မှာ ရဲနဲ့ နည်းနည်းလေး ငြိ တဲ့အခါမှာ ကမ္ဘာမကြေသီချင်း အော်ဆိုမိတဲ့ ၃ ဦးရယ်၊ လက်ပံရွာက ရုတ်တရက် လန့်ပြီးတော့ ဓာတ်တိုင်ခေါက်လိုက်တယ်၊ ဆိုင်ကယ်လ်တစီးနဲ့လာတာကို လန့်ပြီး ဓာတ်တိုင်ခေါက်လိုက်တဲ့ ၃ ဦးရယ်၊ နောက်တခုကတော့ ကျောက်ဆည်က လာပြီ လာပြီလို့ အော်မိတဲ့ ၂ ဦးရယ်ဗျာ၊ --- ပဋိပက္ခကာလမှာ ၅၀၅ (ခ)နဲ့ စွပ်စွဲခံရတဲ့သူပါ။ ၉ ဦးဆိုတာက ပွင့်ပွင့်လင်းလင်း ပြောမယ်ဗျ။ နိုင်ငံရေးအကျဉ်းသားလို့တောင် ပြောလို့မရဘူးခင်ဗျ။”

နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီက တာဝန်ရှိသူ ဦးရဲအောင်ကတော့ ဒီဇင်ဘာလ ၃၀ ရက်နေ့အမိန့်ထဲ မပါဝင်နိုင်သေးတဲ့ အကျဉ်းသား ၃၅ ဦးလောက် ကျန်နေသေးကြောင်းကို ပြောပြပါတယ်။

“စာရင်းအရဆိုရင် ၃၅ ဦးလောက် ကျန်နေပါသေးတယ်။ သူတို့က ဒီအမိန့်ထဲမှာပါတဲ့ ပုဒ်မတချို့နဲ့ သက်ဆိုင်သလို၊ ဒီအမိန့်ထဲမှာ မပါတဲ့ တခြားပုဒ်မတွေနဲ့လည်း ထောင်ကျနေတာ ဖြစ်ပါတယ်။ အဲ့လိုလူမျိုးတွေက ဒီအမိန့်ကို ထုတ်ပြန်တဲ့အခါမှာ ဒီလူတွေက ပါသွားဖို့မရှိပါဘူး။ သူတို့လက်ရှိ ဒီ အမိန့်နဲ့သက်ဆိုင်တဲ့ ပုဒ်မတွေနဲ့ ပတ်သက်တဲ့ ပြစ်ဒဏ်တွေကို ဖြေလျှော့ပေမဲ့ တခြားပုဒ်မတွေနဲ့ချထားတဲ့ ပြစ်ဒဏ်တွေက ဆက်ပြီး ခံစားရမယ့်ကိစ္စ ရှိပါတယ်။ အဲ့ဒီဟာအတွက်လည်း ကျနော်တို့က သီးခြားစီစဉ်ထားပါတယ်။”

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် မနေ့ကထုတ်ပြန်တဲ့ အမိန့်မှာတော့ မတရားအသင်း အက်ဥပဒေပါ ပြစ်မှုတွေ၊ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှု (ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၂၂)၊ အကြည်ညိုပျက်အောင် ပြုလုပ်မှု (ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၁၂၄ က)၊ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများရဲ့ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေပါ ပြစ်မှုများ၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပါ ပြစ်မှုများ၊ အများပြည်သူရဲ့အကျိုး ပျက်စီးစေမှု (ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၅၀၅)၊ ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေပါ ပြစ်မှုများကို ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပြုတယ်လို့ဆိုပေမဲ့ အဲဒီအမှုနဲ့ ပတ်သက်တဲ့လူတွေ လွတ်မြောက်လာခြင်း မရှိသေးတာကြောင့် ညနေပိုင်းကစပြီး ရန်ကုန် အင်းစိန်ထောင်ရှေ့မှာ ထိန်းသိမ်းခံထားရသူတွေရဲ့ မိသားစုဝင်တွေနဲ့ တက်ကြွလှုပ်ရှားသူ အင်အား၂၀၀ ကျော်က ဆန္ဒထုတ်ဖော်နေခဲ့ကြပါတယ်။

“နိုင်ငံရေးအကျဉ်းသားနဲ့ တခြားအကျဉ်းသားများ ချက်ချင်းလွှတ်၊ ချက်ချင်းလွှတ်”
“နိုင်ငံရေးအကျဉ်းသားနဲ့ တခြားအကျဉ်းသားများ ချက်ချင်းလွှတ်၊ ချက်ချင်းလွှတ်”

နိုင်ငံရေးအကျဉ်းသားတွေနဲ့ အခြားအကျဉ်းသားတွေအတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် အမြန်ဆုံးပေးပါ။ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးပါလို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ ဒီလိုတောင်းဆိုမှုတွေ လုပ်နေဆဲအချိန်မှာပဲ ညနေ ၆ နာရီခွဲအကျော်မှာ ကျန်နေသေးတဲ့ အကျဉ်းသား ၈ ဦးခန့်ကို ထပ်မံ လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG