သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစာငတ်ခံ ဆန္ဒပြသူတွေကို စစ်ခွေးတိုက်ပို့


အစာငတ်ခံ ဆန္ဒပြသူတွေကို စစ်ခွေးတိုက်ပို့
အစာငတ်ခံ ဆန္ဒပြသူတွေကို စစ်ခွေးတိုက်ပို့

အင်းစိန်ထောင်ထဲမှာ အကျဉ်းသားတွေရဲ့ ရပိုင်ခွင့်တွေ တောင်းဆိုနေတဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲက ၆ ယောက်ကို စစ်ခွေးတိုက်ကို ပို့လိုက်ပြီလို့ နိုင်ငံရေး အကျဉ်းသား အကျိုးဆောင် ကွန်ရက်အဖွဲ့က ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မေလ ၂၁ ရက်နေ့ကစပြီး အင်းစိန်ထောင် အမျိုးသားဆောင်က နိုင်ငံရေး အကျဉ်းသားတွေဟာ အကျဉ်းသားတွေ ရပိုင်ခွင့် အခွင့်အရေး ၆ ချက်ကို တောင်းဆိုပြီး မေလ ၂၂ ရက်နေ့ကစပြီး အစာငတ်ခံ ဆန္ဒပြခဲ့တာပါ။ အခုအခါမှာတော့ နိုင်ငံရေး အကျဉ်းသားတွေထဲက ဦးဆောင်သူလို့ ယူဆရသူ ၆ ဦးကို စစ်ခွေးတိုက်ကို ပို့ဆောင်လိုက်ပြီလို့ ဆိုပါတယ်။ နိုင်ငံရေး အကျဉ်းသားများ အကျိုးဆောင် ကွန်ရက်အဖွဲ့က ကိုအောင်ထွန်းဇော်က အခုလို ပြောပြပါတယ်။

“ဒီနေ့ ထောင်ဝင်စာ သွားတွေ့ပြီး ပြန်လာတဲ့ မိသားစုတစု ပြောတာက ကိုညီညီထွန်း အပါအဝင် ကိုဉာဏ်ထွန်းလင်းတို့နဲ့ စုစုပေါင်း ၆ ယောက်လောက် စစ်ခွေးတိုက်ကို မနေ့ ညနေက ပို့လိုက်တယ်လို့ ကြားတယ်။ ၂၃ ရက်နေ့ ညနေပိုင်းမှာ သူတို့ကို စစ်ခွေးတိုက် ပို့လိုက်တယ်တဲ့။ ကျန်ခဲ့တဲ့သူတွေက အဆောင်မှာ ဆက်ပြီးတော့ တိုက်ပွဲဝင်နေကြတယ်။ ၆ ယောက်ကိုတော့ ခွဲပြီးတော့ စစ်ခွေးတိုက်ကို ပို့လိုက်ပြီ။ အခြေအနေကတော့ တောင်းဆိုထားတဲ့ဟာတွေ ဘာမှ မပြန်ကြားသေးဘူးတဲ့၊ အာဏာပိုင်ဘက်က။ အဲဒါ ဒီမနက် ထောင်ဝင်စာ သွားတွေ့ပြီး ပြန်လာတဲ့ အုပ်စုက ထွက်လာတဲ့ သတင်းပေါ့။

“ပြီးတော့ လောလောဆယ် အဲဒီ အစာငတ်ခံ တိုက်ပွဲဝင်နေတဲ့ လူဦးရေထဲမှာ ပါတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ အိမ်တွေက ထောင်ဝင်စာနဲ့ အစားအစာ ပေးခွင့်ကို ပိတ်ပင်လိုက်တယ်။ အမျိုးသမီးဆောင်က ၇ ယောက် ဆက်ပြီးတော့ လုပ်နေတယ်။ အမျိုးသမီးဆောင် မိသားစုတွေလည်း တွေ့ခွင့်မရဘူး။ နိုင်ငံရေး အကျဉ်းသူက ၄ ယောက်၊ ရိုးရိုး အကျဉ်းသူက ၃ ယောက်၊ အဲဒါ ၇ ဆောင်မှာ လုပ်နေတဲ့လူတွေ။”

အကျဉ်းကျနေစဉ် စာပေလေ့လာခြင်း၊ ဘာသာစကား လေ့လာခြင်းတွေကို အထောက်အကူ ပြုစေရန် စာရေးကိရိယာတွေကို ခွင့်ပြုဖို့၊ စာအုပ်တွေကို လွယ်ကူစွာ ဖတ်ရှုခွင့် ရဖို့နဲ့ မိသားစုနဲ့ လွတ်လပ်စွာ တွေ့ခွင့်ရဖို့ အပါအဝင် အချက် ၆ ချက်ကို နိုင်ငံရေး အကျဉ်းသားတွေက တောင်းဆိုခဲ့တာပါ။ အင်းစိန်ထောင် အဆောင် ၂၊ ၃၊ ၄၊ ၅ မှာရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေဖြစ်တဲ့ ကိုညီညီထွန်း၊ ကိုဇော်ထွန်းနိုင်၊ ဦးရေဝတ၊ ကိုရဲမြတ်ဟိန်း၊ ဦးဝိလာသ၊ ကိုဇင်မင်းရှိန်၊ ကိုမျိုးမင်းသူ၊ ကိုသက်နိုင်ဦး၊ ကိုသော်ဇင်၊ ကိုကောင်းမြတ်လှိုင်၊ ကိုကိုအောင်၊ ကိုဉာဏ်ထွန်းလင်း၊ စောအယ်ထူး၊ စောနိုဘယ် အပါအဝင် ၂၂ ဦးတို့ဟာ မေလ ၂၁ ရက်နေ့ကစပြီး ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

အကျဉ်းသားတွေကို အခုလို စစ်ခွေးတိုက် ပို့တာနဲ့ ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းရဲ့ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်ကတော့ နှိပ်စက်ညှဉ်းပန်းမှုတွေ လုပ်မှာ ဖြစ်တဲ့အတွက် စိုးရိမ်စရာကောင်းတဲ့ အခြေအနေရှိကြောင်း အခုလို ပြောသွားပါတယ်။

“ဆန္ဒပြနေတဲ့သူတွေထဲက တချို့ကို စစ်ခွေးတိုက်ကို ပြောင်းတယ်လို့ ကျနော်တို့လည်း ကြားသိရပါတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး ကျနော်တို့ တော်တော်စိုးရိမ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်ခွေးတိုက် ဆိုတာက အကျဉ်းသားတွေကို နှိပ်စက်တဲ့နေရာ ဖြစ်နေတယ်။ ဒါကြောင့် ဒီလူတွေကို သူတို့တောင်းဆိုချက် မလိုက်လျောဘဲနဲ့ သူတို့ကို ပြစ်ဒဏ်ပေးမှာ၊ နှိပ်စက်မှာကို ကျနော်တို့ အတော်လေး စိုးရိမ်မိပါတယ်။

“သူတို့ရဲ့ တောင်းဆိုချက်တွေက အာဏာပိုင်တွေကိုရော၊ လက်ရှိ အုပ်ချုပ်နေတဲ့ သူတွေကိုရော ထိခိုက်တဲ့ တောင်းဆိုချက်တွေ တခုမှ မပါပါဘူး။ သူတို့အတွက် အဓိက လိုအပ်တဲ့ စားရေး သောက်ရေးတို့၊ ကျန်းမာရေးနဲ့ ပတ်သက်တာ၊ အသိပညာနဲ့ ပတ်သက်တဲ့ တောင်းဆိုချက်တွေပဲ ဖြစ်ပါတယ်။ ဒါတွေက အကျဉ်းထောင် အာဏာပိုင်က လွယ်လွယ်ကူကူနဲ့ လိုက်လျော ဖြေရှင်းလို့ ရနိုင်တဲ့ ကိစ္စတွေ ဖြစ်ပါတယ်။ ဒါကို လွယ်လွယ်ကူကူနဲ့ လိုက်လျော ဖြေရှင်းတာ မဟုတ်ဘဲနဲ့ ဒီလိုမျိုး စစ်ခွေးတိုက်ကိုပို့တယ်၊ နောက် ပြစ်ဒဏ်ပေးမယ် ဆိုရင်တော့ ဒါ အကျဉ်းထောင် အာဏာပိုင်တွေဘက်က တော်တော် မတရားတဲ့လုပ်ရပ် ဖြစ်ပါတယ်။”

အလားတူ US Campaign for Burma ခေါ် အမေရိကန် အခြေစိုက် မြန်မာ့အရေး လုပ်နေတဲ့ အဖွဲ့ကလည်း နိုင်ငံရေး အကျဉ်းသားတွေကို နိုင်ငံတကာက နီးနီးကပ်ကပ် စောင့်ကြည့်ဖို့ ကြေညာချက်ထုတ်ပြီး တိုက်တွန်းထားပါတယ်။

မြန်မာအစိုးရကတော့ မေလ ၁၆ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကို ထုတ်ပြန်ပြီး အကျဉ်းသားပေါင်း ၁၄,၆၀၀ ကို ပြန်လွှတ်ရာမှာ နိုင်ငံရေး အကျဉ်းသား ၅၀ ကျော်သာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဒီလို အခြေအနေတွေကြောင့် အင်းစိန်ထောင်တွင်းက နိုင်ငံရေး အကျဉ်းသူ ၄ ဦး အပါအဝင် အမျိုးသမီး ၇ ဦးက အစာငတ်ခံ ဆန္ဒပြမှုကို လုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား ၂,၂၀၀ ကျော်ရှိပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ပြန်လွှတ်ပေးဖို့အတွက် တောင်းဆိုနေတာလည်း ဖြစ်ပါတယ်။ မြန်မာအစိုးရကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူးဆိုပြီး ငြင်းဆိုထားပါတယ်။

မြန်မာအစိုးရရဲ့ မေလ ၁၆ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးတာဟာ လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဘူး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ရှေ့ရှုတဲ့သဘော မတွေ့ရဘူးဆိုပြီး ကုလသမဂ္ဂရဲ့ မြန်မာပြည်ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ကလည်း ပြောဆိုထားပါတယ်။

XS
SM
MD
LG