သုံးရလွယ်ကူစေသည့် Link များ

နိုင်ငံရေးအကျဉ်းသားများ မြန်မာနှစ်ဆန်းတရက်နေ့ လွတ်မည်


အင်းစိန်အကျဉ်းထောင်မြင်ကွင်း။

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၈၃ ဦးကို လွှတ်လိုက်တယ်လို့ သမ္မတ ဦးထင်ကျော်က လက်မှတ်ရေးထိုးပြီး ဧပြီလ ၁၆ ရက်နေ့ရက်နဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

တချိန်ထဲမှာပဲ ပခုက္ကူအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ Unity ဂျာနယ်က ကိုလူမော်နိုင် အပါအ၀င် သတင်းသမား ၅ ဦးကို နှစ်ဆန်းတရက်နေ့မှာ လွှတ်ပေးမည်ဖြစ်ကြောင်း ပခုက္ကူအကျဉ်းထောင် ဒုတိယထောင်မှူးက အသိပေး အကြောင်းကြားခဲ့တယ်လို့ ကိုလူမောင်နိုင်ရဲ့ ဇနီးဖြစ်သူ မလွင်လွင်မြင့်က ဗွီအိုအေကို ပြောခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

နှစ်သစ်ကူးအခါသမယမှာ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်သူလူထု နှလုံးစိတ်ဝမ်း ငြိမ်းချမ်းစေရေးတို့ကို ဦးတည်စေသောအားဖြင့် အခုလို အကျဉ်းသား ၈၃ ဦး လွတ်ငြိမ်းခွင့် ပြုလိုက်ကြောင်း သမ္မတ ဦးထင်ကျော်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ အခု လွှတ်ပေးတာဟာ NLD အစိုးရတက်လာပြီးနောက်ပိုင်း ဒုတိယအသုတ်အဖြစ်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခြင်းလည်း ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဖွဲ့စည်းပုံပါ တည်ဆဲဥပဒေတွေနဲ့အညီ ဆောင်ရွက်ပေးသွားမယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၇ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ကြေညာချက် ထုတ်ပြန်ပြီး နောက်တနေ့ ဧပြီလ ၈ ရက်နေ့မှာပဲ ပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် တောင်းဆိုဆန္ဒပြရင်း ဖမ်းဆီးခံခဲ့ကြရတဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့ တခြား နိုင်ငံရေးအကျဉ်းသား ၁၉၉ ဦးကို လွှတ်ပေးခဲ့ပါတယ်။

အခု သမ္မတ ဦးထင်ကျော်က လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့ အကျဉ်းသား ၈၃ ဦးဟာ ဘယ်သူတွေ ဖြစ်တယ်ဆိုတာ အတိအကျ မသိရသေးပေမဲ့ ဧပြီလ ၁၇ ရက်နေ့၊ နှစ်ဆန်းတရက်နေ့မှာ ပြန်လည်လွတ်မြောက်မယ့်အထဲ မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ကာကွယ်ရေးဌာန စစ်လက်နက်ပစ္စည်း စက်ရုံတခုအကြောင်း သတင်းဖော်ပြခဲ့တဲ့ Unity ဂျာနယ်က ကိုလူမော်နိုင် အပါအ၀င် သတင်းသမား ၅ ဦး ပြန်လွတ်မယ်လို့ ပခုက္ကူထောင် ဒုတိယထောင်မှူး ဦးတင်နိုင်အေးက သူ့ထံ အကြောင်းကြားခဲ့တယ်လို့ ကိုလူမော်နိုင်ရဲ့ ဇနီးဖြစ်သူ မလွင်လွင်မြင့်က ဗွီအိုအေကို အခုလို ပြောပြပါတယ်။

“ဟုတ်ပါတယ်။ ၁၀ နာရီခွဲလောက်ကပေါ့ ဒုထောင်မှူးက ဖုန်းဆက်ပါတယ် ကျမဆီကို။ မနက်ဖြန်မနက် ကိုလူမော်နိုင်တို့ လွတ်မှာမို့လို့ လာပြီးတော့ ကြိုပါလို့ ဖုန်းဆက်ပါတယ်။ သေချာသလောက် ဖြစ်သွားပါပြီ။”

မေး - အဲတော့ ကိုလူမောင်နိုင်နဲ့အတူ သူနဲ့အမှုတွဲထဲမှာ အတူပါတဲ့ တခြားသူတွေရော လွတ်မှာလားခင်ဗျ။ Unity Journal က လူတွေရော။

ဖြေ - “ဟုတ်ကဲ့ အားလုံး လွတ်မှာပါ။ သူတို့မိသားစုတွေဆီကိုလည်း ဖုန်းဆက်ပြီးပြီလို့ ပြောပါတယ်။”

မေး - အခု ဘယ်ထောင်ကနေ လွတ်မှာလဲခင်ဗျ။

ဖြေ - “ပခုက္ကူထောင်ကနေ လွတ်မှာပါ။”

မေး - ကိုလူမောင်နိုင်နဲ့ရော စကားပြောခွင့် ရလိုက်ပါသလား။

ဖြေ - “အဲ့လိုမျိုးတော့ မရပါဘူး။ အဲဒီ ဒုထောင်မှူးကပဲ ကျမကို ပြောသွားတာပါ။ နောက်တချိန် ကျမ ဖုန်းပြန်ဆက်တော့ ကိုလူမော်က အနားမှာရှိတယ်လို့ အဲ့လို ပြောပါတယ်။”

မေး - အဲတော့ အမ အမျိုးသားအပါအ၀င် အမအမျိုးသားနဲ့ အမှုတွဲ တူတဲ့သူတွေ လွတ်မယ်ဆိုတဲ့ သတင်းကတော့ အခိုင်အမာ တိတိကျကျ ရပြီပေါ့နော်။ ဒုထောင်မှူးကိုယ်တိုင် ပြောတယ်ဆိုတော့။ တခြားသူတွေနဲ့ ပတ်သက်လို့ရော ဘာများကြားပါသေးလဲခင်ဗျာ။

ဖြေ - “ကျန်တဲ့သူတွေတော့ ကျမ မကြားသေးဘူးရှင့်။ အထူးသဖြင့် ဒီ မန္တလေးက ကျမ မောင်လေးပေါ့နော် ညီညီလွင်တို့ကို လွှတ်တယ်ဆိုတဲ့ သတင်းတော့ မရသေးဘူး။ ကျမလည်း အဲဒီသတင်းကို မျှော်နေတာပေါ့နော်။ အခုထိတော့ ကျမ မကြားရသေးဘူး။”

မေး - သြော် ဟုတ်ကဲ့။ သူကတော့ မန္တလေးထောင်မှာ ရှိနေတယ်ပေါ့နော်။ ကိုညီညီလွင်ကတော့။

ဖြေ - “ဟုတ်ကဲ့ မန္တလေး အိုးဘိုထောင်မှာပါ။ ဟုတ်ကဲ့။”

ကိုညီညီလွင်ဟာ ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေးမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ အရှင်ဂမ္ဘီရ ဖြစ်ပါတယ်။ သူ့ကို ပြည်ပနိုင်ငံတွေကို တရားမ၀င် သွားရောက်ခဲ့မှုနဲ့ ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ ကိုလူမော်နိုင်တို့ လွတ်မြောက်လာသလိုပဲ ကျန်တဲ့ တခြား နိုင်ငံရေးအကျဉ်းသားတွေလည်း လွတ်မြောက်စေချင်တယ်လို့ မလွင်လွင်မြင့်က ဆက်ပြောပါတယ်။

“ကျမပျော်ပါတယ်။ ပျော်ပါတယ်။ ကျမတို့ ဒီ လယ်သမားတွေဘက်ကနေ သူ ရေးခဲ့သားခဲ့တာက မတရားတဲ့ ထောင်ဒဏ်တွေ သူတို့ ၅ ယောက်စလုံးကို ချခံခဲ့ရတဲ့အတွက် သူ ထောင်ထဲ ရောက်နေတဲ့ ကာလအတွင်းမှာ ကျမဆိုရင် ပင်ပင်ပန်းပန်းပေါ့ ကျမဆိုရင် ကလေးတွေနဲ့ ပင်ပင်ပန်းပန်း ခက်ခက်ခဲခဲပေါ့ ရင်ဆိုင်ခဲ့ရတယ်။ ဒါပေမဲ့ အခု သူ လွတ်လာတော့မယ်ဆိုတော့ ကျမ ပျော်ပါတယ်။ သူတို့ ၅ ယောက်အပြင် တခြား အဖမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား အကုန်လုံးကိုလည်း လွတ်စေချင်တယ်။ လွတ်နိုင်မယ်လည်း ထင်ပါတယ်။ နှစ်ဆန်းတရက်နေ့ဆိုတော့ မြန်မာတွေအတွက် တကယ့်ကို ရက်ကောင်းရက်မြတ် ဖြစ်နေတဲ့အတွက် လွှတ်ပေးလိမ့်မယ်လို့ ကျမ မျှော်လင့်တယ်။ သူတို့ လွတ်လာတဲ့အပေါ်မှာ ကျမ ၀မ်းသာတယ်ပေါ့နော်။ ကျမ မောင်လေး ကိုညီညီလွင် လွတ်လာဖို့ကိုလည်း ကျမ မျှော်လင့်တယ်။ သူတို့ လွတ်လာသလို ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကိုလည်း လွတ်စေချင်တယ်ပေါ့နော်။”

NLD အစိုးရတက်လာပြီး ရပ်ပိုင်းအတွင်းမှာပဲ ပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ဦးဆောင်လှုပ်ရှားခဲ့ကြတဲ့ ကျောင်းသားခေါင်းဆောင်တွေ အပါအ၀င်၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးနေတဲ့အတွက် ကျေးဇူးတင်ကြောင်းလည်း မလွင်လွင့်မြင့်က အခုလို ဆက်ပြောပါတယ်။

“ကျမတို့ NLD အစိုးရ တက်တက်ချင်းမှာပဲ ကျောင်းသားတွေ လွှတ်ပေးတယ်။ လွှတ်ပေးပြီး သိပ်မကြာခင်မှာပဲ ကျမတို့ ဒီကိစ္စပေါ့ Unity သတင်းသမားတွေဆို လွှတ်ပေးဖို့ သိပ်ခက်ခဲတယ်လို့ ကျမတို့ ကြားခဲ့ရတာပေါ့။ ကျမဆိုရင် ဒီနှစ်ဆန်းတရက်နေ့ကို သိပ်မမျှော်လင့်ခဲ့ဘူး။ တကယ်ကို မမျှော်လင့်ဘူး။ ဒီဟာက ကျပ်ကျပ်တည်းတည်းနဲ့ ရင်ဆိုင်ရတဲ့ အခြေအနေလို့ ကြားထားခဲ့ရတော့ လွတ်မယ်လို့ မမျှော်လင့်ထားဘူးပေါ့နော်။ ဒါပေမဲ့ NLD အစိုးရအနေနဲ့ ဒီကိစ္စကို အောင်မြင်အောင် လုပ်တယ် ဆိုပြီးတော့ ကျမတို့က NLD အစိုးရကို သိပ်ပြီးတော့ ကျေးဇူးတင်ပါတယ်။”

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာရှိတဲ့ စက်ရုံတခုဟာ လျှို့ဝှက် ဓာတုလက်နက်စက်ရုံလို့ ယူဆရတဲ့အကြောင်းနဲ့ စက်ရုံဓာတ်ပုံတွေကို ဂျာနယ်မျက်နှာဖုံးမှာ ဖော်ပြခဲ့တဲ့အတွက် Unity ဂျာနယ်ရဲ့ ပေါက်မြို့နယ် သတင်းထောက် ကိုလူမော်နိုင် အပါအ၀င် ဂျာနယ်ရဲ့ တာဝန်ခံအယ်ဒီတာနဲ့ သတင်းထောက် ၅ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မနဲ့ ၂၀၁၄ ခုနှစ်အတွင်း သမ္မတဦးသိန်းစိန် အစိုးရက ဖမ်းဆီး အရေးယူခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့်ဆက်နွယ်ပြီး အမှုရင်ဆိုင်နေကြရသော ကျောင်းသား၊ ကျောင်းသူများ လွတ်မြောက်ရေးသည် ပြည်သူလူထုက ရွေးကောက် တင်မြောက်လိုက်သော ပြည်သူ့အစိုးရ၏ ဦးစားပေးလုပ်ငန်းတစ်ခု ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ နိုင်ငံတော်သမ္မတသည် ပြစ်ဒဏ် လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်ဟု ပြဌာန်းထားကြောင်း၊ အဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (ခ) ပါ ပြဌာန်းချက်အရ နိုင်ငံတော် သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိသည်ဟု ပါရှိသည်နှင့်အညီ နှစ်သစ်ကူး အခါသမယမှာ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးနှင့် ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရသည့် ကျောင်းသား၊ ကျောင်းသူများ ပြစ်မှုမှ အမြန်ဆုံး လွှတ်မြောက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဧပြီလ ၇ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

မြန်မာနိုင်ငံအတွင်း၂၀၁၆ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့အထိ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျနေကြတဲ့ နိုင်ငံရေးအကျဉ်းသား ၁၂၁ ဦးရှိသလို နိုင်ငံရေးနဲ့ဆက်နွယ်တဲ့ အမှုရင်ဆိုင်နေရသူပေါင်း ၄၁၄ ဦး ရှိကြောင်း AAPP – B နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ ဒါကြောင့် ၂၀၁၆ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှာ NLD အစိုးရတက်မလာခင်အထိ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးအကျဉ်းသား ၊ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး အမှုရင်ဆိုင်နေရသူ စုစုပေါင်း ၅၃၅ ဦး ရှိနေတာ ဖြစ်ပါတယ်။

NLD အစိုးရက ဧပြီလ ၈ ရက်နဲ့ ၉ ရက်နေ့တို့မှာ ပြန်လွတ်ပေးလိုက်တဲ့ ကျောင်းသားခေါင်းဆောင်တွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ စုစုပေါင်း ၁၉၉ ဦး ရှိသွားပြီဖြစ်ပါတယ်။ ဒီကနေ့ ပြန်လွတ်ပေးဖို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ကြေညာချက်ထုတ်ပြန်ထားတဲ့ ၈၃ ဦးနဲ့ ပေါင်းလိုက်မယ်ဆိုရင် ပြန်လွတ်လာသူ နိုင်ငံရေးအကျဉ်းသားနဲ့ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ တက်ကြွလှုပ်ရှားသူပေါင်း ၂၈၂ ဦး ရှိသွားပြီ ဖြစ်ပါတယ်ခင်ဗျား။

XS
SM
MD
LG