သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ ဖွဲ့စည်းခဲ့တဲ့ လက်ကျန် နိုင်ငံရေးအကျဉ်းသားများ စိစစ်ရေးကော်မတီကို နိုင်ငံရေးအကျဉ်းသားများ ရေးရာကော်မတီအဖြစ် သမ္မတရုံးက ဇန်န၀ါရီလ ၅ ရက်နေ့ ရက်စွဲနဲ့ ပြင်ဆင်ဖွဲ့စည်းတဲ့အကြောင်း ဒီကနေ့ ဇန်န၀ါရီလ ၆ ရက် သတင်းစာတွေမှာ ပါရှိလာပါတယ်။
နိုင်ငံရေးအကျဉ်းသားအရေးကို ဦးဆောင်လှုပ်ရှားတဲ့ အဖွဲ့တဖွဲ့ဖြစ်တဲ့ ထိုင်းအခြေစိုက် AAPP ကို အခုပြန်ဖွဲ့ခဲ့တဲ့ ၂၈ ဦး ကော်မတီမှာ ပြန်ပါမလာတဲ့အပေါ် AAPP ရဲ့ တွဲဘက်အတွင်းရေးမှူးက မေးခွန်းထုတ်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။
၂၀၁၃ က ဖွဲ့စည်ခဲ့တဲ့ နိုင်စစ်ကော်မတီလို့ အများသိတဲ့ နိုင်ငံရေးအကျဉ်းသား စိစစ်ရွေးချယ်ရေး ကော်မတီကို နိုင်ငံရေးအကျဉ်းသားများ ရေးရာကော်မတီအဖြစ် အမည်ပြောင်းလဲတယ်ဆိုပြီး အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြလာတာပါ။
ဒါပေမဲ့လည်း နိုင်ငံရေးအကျဉ်းသားအရေး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ကိုယ်စားလှယ်တွေ ပါမလာတာနဲ့ပြီး မေးခွန်းထုတ်လိုတယ်လို့ AAPP ရဲ့ တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က ပြောပါတယ်။
“ဒါ အစိုးရရဲ့ သဘောထားပဲလေ။ ဒါ အစိုးရက ရွေးချယ်တာပဲ။ ကျနော်တို့က လက်ကျန် နိုင်ငံရေးအကျဉ်းသား ကော်မတီ ဖွဲ့ပြီးတော့ ကျနော်တို့ကို ကမ်းလှမ်းခဲ့စဉ်တုန်းက ကျနော်တို့ ပါဝင်ခဲ့တယ်။ အဲ့လိုပါဝင်ခဲ့ချိန်မှာလည်း ကျနော်တို့ဘက်က အပြည့်အ၀ ပူးပေါင်းဆောင်ရွက်တယ်။ ကျနော်တို့လုပ်နိုင်တာတွေ အကုန်လုံးကို လုပ်ပေးခဲ့တယ်။ ဒါက အဲ့ဒီအချိန်မှာ ပါဝင်တဲ့ အဖွဲ့ဝင် ၁၉ ဦးစလုံးက သိပြီးဖြစ်ပါတယ်။ အခုလိုမျိုး ပြန်ပြီးတော့ ဖွဲ့စည်းတယ်ဆိုတဲ့အချိန်မှာလည်း ဘာကြောင့် အစိုးရက ချန်ထားခဲ့တာလဲဆိုတာက အစိုးရကို မေးတာပဲ ပိုကောင်းပါလိမ့်မယ်။”
၂၀၁၃ ခုနှစ်က ဖွဲ့စည်းခဲ့တဲ့ နိုင်စစ်ကော်မတီမှာ AAPP၊ FPPS တို့ အပါအ၀င် နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ ပြီးတော့ အကျဉ်းဦးစီးနဲ့ သမ္မတရုံးက ဒုဝန်ကြီး တချို့နဲ့ ဖွဲ့စည်းခဲ့ပြီး ကော်မတီဥက္ကဌအဖြစ် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းက ဦးဆောင်ခဲ့တာပါ။
အခုပြန်ဖွဲ့လိုက်တဲ့ ကော်မတီမှာတော့ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းကို ဥက္ကဌအဖြစ် တာဝန်ပေးခဲ့ပြီး အတွင်းရေးမှူးကတော့ အကျဉ်းဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးသန်းဌေး က တာဝန်ယူမှာ ဖြစ်ပါတယ်။
ပြန်ဖွဲ့လိုက်တဲ့ ကော်မတီအနေနဲ့ လက်ရှိအချိန်မှာ ဖမ်းဆီးခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွတ်ရေးအတွက်ရော၊ အမှုရင်ဆိုင်နေရတဲ့ သူတွေအတွက်ရော ဘယ်လောက် လုပ်ပေးနိုင်မယ်ဆိုတာကတော့ အတိအကျ မပြောနိုင်သေးဘူးလို့ အခုပြန်ဖွဲ့တဲ့ ကော်မတီမှာ ပါဝင်တဲ့ FPPS ရဲ့ ပြောခွင့်ရှိသူ ဦးရဲအောင် က ပြောပါတယ်။
“ဟုတ်ကဲ့ခင်ဗျ။ အဲ့ဒါကတော့ ကျနော်ထင်ပါတယ်။ ဒီကော်မတီက ဘယ်လောက်လုပ်နိုင်မလဲ ဆိုတာကတော့ တစ်အချက်က - ဒီကော်မတီထဲမှာ ပါဝင်တဲ့သူတွေပေါ့လေ။ နောက်တခုက သမ္မတအနေနဲ့က ဘယ်လောက်အထိ လုပ်ပိုင်ခွင့်တွေ ဒီကော်မတီကို ပေးထားသလဲ။ ကော်မတီက ဘယ်လိုလုပ်ငန်းစဉ်တွေ သွားမလဲဆိုတာက ကျနော်တို့ သေချာ မသိရသေးပါဘူး။ အဲ့ဒီအပေါ်မှာ ကျနော်တို့ မူတည်မယ်လို့ ထင်ပါတယ်။”
တချိန်တည်းမှာ အခုရက်ပိုင်း ထောင်တွေထဲမှာ ကျန်နေတဲ့ လက်ကျန် နိုင်ငံရေးအကျဉ်းသား ၁၆၀ ကျော်အတွက် လွတ်မြောက်ပြီး ထင်ရှားတဲ့ နိုင်ငံရေးသမားတွေက လက်ဖ၀ါးပေါ်မှာ နာမည်ရေးပြီး သူတို့ ပြန်လွတ်မြောက်ဖို့ လက်ဖ၀ါးကန်ပိန်းနဲ့ တောင်းဆိုနေကြတာပါ။
AAPP နဲ့ FPPS တို့ ပေါင်းလုပ်တဲ့ ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး AAPP ရဲ့ ပြောခွင့်ရှိသူတဦးဖြစ်တဲ့ ကိုအောင်မျိုးကျော် က အခုလို ပြောပါတယ်။
“လက်ဝါးကန်ပိန်း၊ လက်ဝါးပေါ်မှာ ကျနော်တို့ အပြင်မှာရှိတဲ့ လွတ်မြောက်ပြီးသား နိုင်ငံရေး အကျဉ်းသားဟောင်းတွေကနေပြီးတော့ လက်ရှိ ထောင်ထဲမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား ၁၆၄ ယောက်ရဲ့နာမည်တွေကို တယောက်ချင်းစီကို ရေးပြီးတော့ ကျနော်တို့ လက်ဝါးတွေ ထောင်ပြီးတော့ ဓာတ်ပုံအရိုက်ခံတယ်။ ပြီးတော့ အဲ့ဒီကောင်ကို Facebook တို့ ၀ပ်ဆိုဒ်တို့မှာ ကျနော်တို့ဖြန့်တယ်။ နောက် နိုင်ငံတကာကသိအောင် ကျနော်တို့ လုပ်တယ်။ လက်ရှိ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ဖို့အတွက် ကျနော်တို့ ကန်ပိန်းလုပ်တာပါ။ အဲဒီကန်ပိန်းရဲ့နာမည်ကတော့ Even though I am free, I am not. ငါ လွတ်မြောက်နေပေမဲ့ ငါ မလွတ်မြောက်သေးဘူးပေါ့။ အဲ့ဒီစကားကတော့ ဦးဝင်းတင်လွတ်လာတဲ့အချိန်မှာ ပေးလိုက်တဲ့ ကွန်းမန့်ပါ။ အဲ့ဒီ ဦးဝင်းတင်ပေးလိုက်တဲ့ ကွန်းမန့်ကို ကျနော်တို့ ဒီကန်ပိန်းရဲ့ ခေါင်းစဉ်တင်ပြီးတော့ Even though I am free, I am not. ဆိုပြီးတော့ လက်ဝါးကန်ပိန်း ကျနော်တို့ လုပ်တာပါ။”
မြန်မာနိုင်ငံတ၀ှမ်းမှာရှိတဲ့ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသား ၁၆၄ ဦး ကျန်ရှိနေသေးပြီးတော့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၂၀၃ ဦး အမှု ရင်ဆိုင်နေရတယ်လို့ AAPP နဲ့ FPPS တို့က ထုတ်ပြန်ထားတာပါ။
ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းတုန်းကတော့ အစိုးရအာဏာပိုင်တွေက မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား လုံးဝ မရှိတော့ လက်ကျန် တောင်းဆိုခံနေရသူတွေဟာ ပြစ်မှုချိုးဖောက်လို့ ထောင်ကျနေသူတွေသာ ဖြစ်တယ်လို့ အစိုးရပိုင် မီဒီယာတွေကတဆင့် ငြင်းဆိုခဲ့ပါသေးတယ်။