သုံးရလွယ်ကူစေသည့် Link များ

ထိန်းသိမ်းခံကျောင်းသားတွေ ကျန်းမာရေးကြောင့် ရန်ကုန်ဆေးရုံရောက်


သာယာဝတီအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ ကျောင်းသားတွေ ထဲက ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ် အပါအ၀င် ၄ ဦးဟာ အစာအိမ်ရောဂါ အပါအ၀င် တခြား စစ်ဆေးကုသရမယ့် ရောဂါတွေ ရှိနေတဲ့အတွက် ရန်ကုန်ဆေးရုံကြီးကို အင်္ဂါနေ့ညနေပိုင်းမှာ ပို့ဆောင်ခဲ့ရပါတယ်။ အပြည့်အစုံကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

အမျိုးသားပညာရေးဥပဒေကို ကန့်ကွက်သပိတ်မှောက်တာကြောင့် သာယာဝတီအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတဲ့ သူတွေထဲက ကျောင်းသားခေါင်းဆောင် ကိုမင်းသွေးသစ် အပါအ၀င် ကျောင်းသား ၄ ဦးဟာ ကျန်းမာရေးအခြေအနေ ဆိုးရွားလာနေတဲ့အတွက် သာယာဝတီကနေ ရန်ကုန်ဆေးရုံကြီးကို ပို့ပြီး ကုသဖို့အတွက် အင်္ဂါနေ့ညနေပိုင်းမှာ ထွက်ခွာလာခဲ့ကြောင်း ကျောင်းသားတွေကို အကူအညီပေးနေတဲ့ မအေးအေးခိုင် က ပြောပါတယ်။

“မင်းသွေးသစ်ရယ်၊ ထိန်လင်းအောင်ရယ်၊ မာလော်ရယ်၊ ကိုမြကြီးရယ်၊ ဖြစ်တာကတော့ မင်းသွေးတို့ ဟိုဟာတို့ကတော့ ကြာပြီ အစာအိမ်ဖြစ်နေတာ ဒီအထဲထဲမှာ။ ဒီမှာတော့ အခုတော့ အစာအိမ် ဟိုဟာလေး ရိုက်လာတယ်။ ရန်ကုန်ဆေးရုံကြီးရောက်မှ အဖြေကို တိတိကျကျ စစ်ဆေးပြီးပဲ သိရမှာ။ ဖြစ်တာကတော့ လောလောဆယ် မင်းသွေးက အစာအိမ်ယောင်တယ်၊ အန်တယ်၊ အောင့်တယ်၊ နောက် မနက်ကဆိုရင် အဖျားတွေတက်နေတယ်။ ဖြစ်နေတာကတော့ တော်တော်လေး ကြာပြီပေါ့နော်။ ဘာလို့လဲဆိုတော့ အငယ်တွေကို ညှာနေတာလေ။ ဒါကြောင့် အခုမှ အမက ရအောင် လိုက်ခေါ်တာ။”

ကျန်းမာရေးဆိုးရွားနေတဲ့ ကျောင်းသားတွေကို သွားရောက်ခေါ်ဆောင်ခဲ့ရာမှာ အခက်အခဲတွေ ရှိနေသလို သာယာဝတီမှာ စစ်ဆေးကုသဖို့က ပစ္စည်းစုံလင်မှု မရှိခဲ့ပါဘူး။ ဒါ့အပြင် အထက်အမိန့်မရဘဲ ကျောင်းသားတွေကို ရန်ုကုန်ဆေးရုံကြီးကို ပို့ပြီးတော့ ကုသနိုင်ဖို့ကလည်း အခက်အခဲတွေ ရှိနေတယ်လို့ မအေးအေးခိုင် က ဆိုပါတယ်။

“မလွယ်ဘူး။ အထဲကို ဆရာဝန်ပင့်သွားတယ်ဆိုရင် ထောင်ထဲက ဆရာဝန်ရှိတော့ သူတို့ပြောတယ်၊ အထက်က အမိန့်မရတော့ မလွယ်ဘူးပေါ့နော်။ သူတို့က ဒီတဆင့်မရဘူးဆိုရင် ကိုယ်က ဖုန်းဆက်ပြီးတော့ နောက်တဆင့် တိုးပြောရင်း အဆင့်ဆင့် လုပ်လာရတယ်။”

ပြီးခဲ့တဲ့မတ်လကတည်းက ထိန်းသိမ်းခံထားရတဲ့ ကျောင်းသားနဲ့ ၀န်းရံပြည်သူတွေဟာ ဖမ်းဆီးခံထားရစဉ်တုန်းက ရိုက်နှက်ခံထားရတဲ့ ဒဏ်တွေကြောင့် ကျန်းမာရေးအခြေအနေ ဆိုးရွားလာခဲ့ရတာလို့လည်း ဗကသများအဖွဲ့ချုပ် က ဆိုပါတယ်။

ရုံးထုတ်ချိန်မှာ သတိမေ့လဲတာကြောင့် ဖမ်းဆီးခါစမှာ ၂ ဦးခန့် ရန်ကုန်ဆေးရုံကြီးကို ပို့ပြီး ကုသခံခဲ့ရပြီး အာရုံကြောဆိုင်ရာ ခွဲစိတ်ကုသမှုတွေ လုပ်ခဲ့ရတာပါ။ အစာငတ်ခံဆန္ဒပြမှုကြောင့် ကျန်းမာရေး ဆိုးရွားလာတဲ့ ကျောင်းသား ၇ ဦးကိုလည်း ပြီးခဲ့တဲ့လက ရန်ကုန်ဆေးရုံကြီးကို ပို့ခဲ့ရတာပါ။ ပြီးခဲ့တဲ့ရက်ကပဲ အကျဉ်းထောင်တွင်းမှာ ကျန်းမာရေးဆိုးရွားလာနေတဲ့အတွက် နောက်ထပ်ကျောင်းသား ၈ ဦးကို ပို့ခဲ့ရတာ ဖြစ်ပါတယ်။ အခုလောလောဆယ် ရန်ကုန်ဆေးရုံကြီးမှာ ကျောင်းသား ၉ ဦး ဆေးရုံတက်နေဆဲဖြစ်ပြီး သက်သာလာသူတွေကိုလည်း သာယာဝတီထောင်ကို ပြန်ပို့နေတာပါ။ အင်္ဂါနေ့ညနေပိုင်းမှာတော့ ကိုမင်းသွေးသစ် အပါအ၀င် ၄ ဦးကို ရန်ုကုန်ဆေးရုံကြီး ပို့ဆောင်နေပြီး အခု ဆက်သွယ်မေးမြန်းစဉ် အချိန်မှာတော့ လမ်းခရီးမှာပဲ ရှိနေဆဲဖြစ်ကြောင်း မအေးအေးခိုင်က ပြောပြခဲ့ပါတယ်။

XS
SM
MD
LG