သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် တောင်းဆို


နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် တောင်းဆို
နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးဖို့ ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ် တောင်းဆို

မြန်မာနိုင်ငံတွင်း ဖမ်းဆီး ထောင်ချခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား အများစုဟာ အကျဉ်းထောင်တွင်း အခြေအနေတွေကြောင့် ကျန်းမာရေး ဆိုးဝါးမှုတွေ ကြုံတွေ့နေရတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ပြောပါတယ်။ နိုင်ငံရေး အကျဉ်းသား အားလုံးကို မြန်မာအစိုးရ အနေနဲ့ အမြန်ဆုံး ပြန်လွှတ်ပေးဖို့လည်း မစ္စတာ ကင်တားနားက ထပ်မံတောင်းဆိုပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်လို့ စုံစမ်းမေးမြန်းထားတဲ့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၈ ရက်နေ့တုန်းက မော်လမြိုင်ထောင်မှာ နိုင်ငံရေး အကျဉ်းသား ဗုဒ္ဓဘာသာ ရဟန်းတော် အရှင်နေမိန္ဒ ပျံလွန်တော်မူသွားတာနဲ့ ဆက်စပ်ပြီး မြန်မာနိုင်ငံတွင်း နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေကို စိုးရိမ်တယ်လို့ မစ္စတာ ကင်တားနားက ကြေညာချက် ထုတ်ခဲ့တာ ဖြစ်ပါတယ်။ အကျဉ်းထောင်တွေ အတွင်းမှာ နိုင်ငံရေး အကျဉ်းသားတွေ ကျန်းမာရေး ဆိုးဝါးနေတယ်ဆိုတဲ့ အခြားသတင်းတွေလည်း သူရရှိထားတယ်လို့ ဆိုပါတယ်။

ဒီ နိုင်ငံရေး အကျဉ်းသားတွေဟာ ရာဇဝတ် အကျဉ်းသားတွေ မဟုတ်ဘဲ မိမိတို့နိုင်ငံ၊ မိမိတို့ပြည်သူ အကျိုးအတွက် အစိုးရကို အတိုက်အခံလုပ်ပြီး အကျဉ်းကျခံရတာကြောင့် ဒီလူတွေ အမြန်ဆုံး ပြန်လွတ်လာဖို့ လိုတယ်လို့ မစ္စတာ ကင်တားနားက မကြာခင်ကပဲ ပြောခဲ့ပါတယ်။

“ဒီနှစ်ဆန်း ဖေဖော်ဝါရီ လတုန်းက မြန်မာနိုင်ငံက အကျဉ်းထောင် ၃ ခုကို ကျနော် ရောက်ခဲ့ပါတယ်။ အဲဒီက နိုင်ငံရေး အကျဉ်းသားတွေဟာ လူမှုအဖွဲ့အစည်းပိုင်းက ခေါင်းဆောင်တွေ၊ အနုပညာရှင်တွေ၊ သီလရှင်တွေ၊ မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဖြစ်ဖို့ ပြောဆိုကြသူတွေ ဖြစ်ကြပါတယ်။

“သူတို့ဟာ ရာဇဝတ် အကျဉ်းသားတွေ မဟုတ်ပါဘူး။ သူတို့ဟာ သူတို့ပြည်သူတွေအတွက် ကိုယ်စားပြု ဆောင်ရွက်သူတွေ၊ စစ်အစိုးရနဲ့ ပတ်သက်လို့ မိမိတို့အမြင်ကို ထုတ်ဖော်သူတွေ ဖြစ်ကြပါတယ်။ ဒါကြောင့် ဒီလူတွေကို ပြန်လွှတ်ပေးဖို့ ကျနော် အမြဲပဲ တောင်းဆိုနေရတာပါ။” လို့ မစ္စတာ ကင်တားနား ပြောသွားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ မတိုင်ခင် အစိုးရအနေနဲ့ နိုင်ငံရေး အကျဉ်းသား အချို့ကို လွှတ်ပေးကောင်း လွှတ်ပေးမယ်လို့ ဆိုခဲ့ပေမဲ့ အခုအချိန်ထိ ဖြစ်မလာခဲ့ဘူးလို့လည်း မစ္စတာ ကင်တားနားက ထောက်ပြခဲ့ပါတယ်။ နိုင်ငံရေး အကျဉ်းသား အတော်များများဟာ မိမိတို့ မိသားစုတွေနဲ့ ဝေးလံတဲ့ နယ်ထောင်တွေမှာ ပြောင်းရွှွေ့ခံထားရပြီး တချို့ဆို သွားရေးလာရေးခက်တဲ့ နယ်စွန်နယ်ဖျားတွေမှာမို့ တနှစ်လုံးကိုမှ မိသားစုက နှစ်ခေါက် သုံးခေါက်လောက်သာ တွေ့နိုင်ကြပါတယ်။

နိုင်ငံရေး အကျဉ်းသားတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူမှု အထောက်အကူပြုအဖွဲ့ တာဝန်ရှိသူ တဦးဖြစ်တဲ့ ဦးစောနိုင်းနိုင်းက နယ်ထောင်တွေမှာ ပြောင်းပို့ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေတွေဟာ စိုးရိမ်စရာရှိတယ်လို့ ပြောပါတယ်။

“အထွေထွေ အနေနဲ့ ပြောမယ်ဆိုရင်တော့ တော်တော်လေးကို စိုးရိမ်စရာ ရှိတယ်။ တချို့ဆိုရင် နှစ်ပေါင်း တော်တော်ကြာကြာ ရှိနေပြီ။ အဲဒီမှာ ဆေးကုသမှုနဲ့ အစာ အာဟာရ ချို့တဲ့မှုတွေ ရှိတာတော့ ကျန်းမာရေးအတွက် မကောင်းဘူးပေါ့ဗျာ။ ဝေးတဲ့နေရာဆိုတော့ မိသားစုလည်း ၂ လ၊ ၃ လတခါမှ သွားတော့ အခက်အခဲရှိတယ်ဗျ။”

အခု ဒီလဆန်းပိုင်းက မော်လမြိုင်ထောင်မှာ အရှင် နေမိန္ဒ ပြန်လွန်တော် မူသွားပါတယ်။ သူက နိုင်ငံရေး အကျဉ်းသားတဦး ဖြစ်ပါတယ်။ အဲဒီတော့ နယ်ထောင်တွေမှာ ရောက်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေကရော ဘယ်လိုရှိလဲ။

“နယ်ထောင်တွေမှာဆိုရင် နယ်ထောင်က ထောင်ကြီးတွေလည်း ရှိတာပေါ့။ ဥပမာဆိုရင် သာယာဝတီတို့လို၊ မန္တလေးတို့လို ထောင်ကြီးတွေပေါ့။ ထောင်လေးတွေကျတော့၊ ဥပမာ ခရိုင်အဆင့်လောက်ရှိတဲ့ဟာ၊ ဂ အဆင့်လောက် ရှိမှာပေါ့။ အဲဒီကျတော့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုကတော့ တော်တော်လေးကို လိုအပ်မယ်လို့ ကျနော် ထင်တယ်။

“ခုန မော်လမြိုင်ကိစ္စ ပြောမယ်ဆိုရင် မော်လမြိုင် ဆိုတာကတော့ မြို့ကြီးပဲဗျာ။ ဆေးရုံကြီးလည်း ရှိတယ်ဗျာ။ ဆေးရုံကြီးလည်း ရှိပေမဲ့ ကုသမှု မပြုပေးဘူးလို့ ကျနော် ယေဘုယျ ကြားရတယ်။ ကွယ်လွန်တဲ့ ၈ ရက်နေ့၊ သဂြုႋဟ်တဲ့ ၉ ရက်နေ့၊ ကျနော်တို့ ဒီမှာ သောကြာနေ့ ၁၀ ရက်နေ့မှာ သတင်းရောက်လာတယ်။ ပြန်လွန်တော် မူသွားပြီတဲ့၊ ဆရာတော်က။ ကာယကံရှင် အသိတွေ ပြောတာတော့ သူတို့ ကုသမှု ခံယူဖို့ကို ပြောပေမဲ့ ဒီဥစ္စာကို လျစ်လျူရှုတဲ့ သဘောတွေ ကြားတယ်ဗျ။”

အရင်တုန်းကတော့ ICRC နိုင်ငံတကာ ကြက်ခြေနီအသင်း ရှိတဲ့အခါကြတော့၊ သူတို့လည်း ထောင်ထဲသွားခွင့်ရတော့ တစုံတရာ အကူအညီ ပေးနိုင်တယ်လို့ သိရပါတယ်။ အခု ICRC အခြေအနေရော သွားရောက်နိုင်တဲ့ အလားအလာရှိလား။ သူတို့ကရော ဘယ်လောက်အထိ ကူညီနိုင်လဲခင်ဗျ။

“ICRC ကတော့ ကျနော်ထင်တယ်၊ ၂၀၀၄ ခုနှစ် နောက်ပိုင်းမှာ ကျန်းမာရေးကိစ္စ အ၀၀နဲ့ အထွေထွေ ကိစ္စတွေကို လာရောက် စစ်ဆေးခွင့် မရတော့ဘူးဗျ။ ICRC က အရင်တုန်းကဆိုရင် ဆေးတွေအများကြီး လှူတယ်ဗျ။ အင်းစိန်ဆေးရုံကြီးရော၊ နယ်ဆေးရုံကြီးတွေရော လှူတယ်။ အဲဒီနောက်ပိုင်းမှာ သူတို့ ဝင်ခွင့်မရတော့ ဆေးဝါး ထောက်ပံ့မှုတွေလည်း မရှိတော့ဘူးပေါ့ဗျာ။ မရှိတော့ နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် ကျန်တဲ့ အကျဉ်းသားတွေလည်း တော်တော်လေးကို ဆေးဝါး ပြတ်လပ်မှုတွေ ရှိတယ်။”

ဒီဇင်ဘာ ၈ ရက်နေ့တုန်းက မော်လမြိုင်ထောင်မှာ ပျံလွန်တော်မူသွားတဲ့ အရှင်နေမိန္ဒ ကိစ္စနဲ့ ပတ်သက်လို့ AHRC ခေါ်တဲ့ အာရှ လူ့အခွင့်အရေး ကော်မရှင်ကလည်း အခုလို ဆရာတော် ပျံလွန်တော်မူတာဟာ အကျဉ်းထောင် အာဏာပိုင်တွေရဲ့ လျစ်လျူပြု ပေါ့ဆမှုကြောင့် ဖြစ်ရတာလို့ အပြစ်တင်ပါတယ်။ ကုသလို့ရတဲ့ အရေပြားရောဂါကြောင့် ဆေးဝါးကုသခွင့်ရဖို့ ဆရာတော်ဟာအစာငတ်ခံ ဆန္ဒပြခဲ့ပြီး အဲဒီနောက် ပျံလွန်တော်မူခဲ့ရတာလို့လည်း ဖော်ပြပါတယ်။

လက်ရှိ မြန်မာနိုင်ငံတွင်း နိုင်ငံရေး အကျဉ်းသား အရေအတွက်ဟာ ၂,၂၀၀ လောက် ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ မြန်မာစစ်အစိုးရကတော့ ဒီလူတွေကို နိုင်ငံရေး အကျဉ်းသားလို့ မသတ်မှတ်ဘဲ သာမန် ရာဇဝတ်မှုကြောင့် ပြစ်ဒဏ်ခံရသူတွေလို့ပဲ အမြဲ တုံ့ပြန်လေ့ ရှိပါတယ်။

XS
SM
MD
LG