သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွယ်လွန်သူ Bill Richardson အတွက် အမေရိကန်ခေါင်းဆောင်တွေ အမှတ်တရ စကားပါး


Obit-Bill Richardson
Obit-Bill Richardson

အမေရိကန်ပြည်ထောင်စု နယူးမက္ကဆီကိုပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Bill Richardson မနေ့ စနေနေ့ ကွယ်လွန်သွားတဲ့အပေါ်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အပါအဝင် အစိုးရထိပ်တန်းတာဝန်ရှိသူတွေနဲ့ နိုင်ငံရေးသမားတွေက အမှတ်တရဂုဏ်ပြုစကားတွေ ပြောခဲ့ကြပါတယ်။

သမ္မတဂျိုးဘိုင်ဒန်ကတော့ - Bill Richardson ဟာ သူ့ဘဝတလျှောက်မှာ လွှတ်တော်အမတ်၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ သံအမတ်၊ အစိုးရအဖွဲ့ဝန်ကြီးစတဲ့ ကြီးမားတဲ့ တာဝန်တွေကို ထမ်းဆောင်ခဲ့တဲ့သူဖြစ်တယ်လို့ စနေနေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ ပြောထားပါတယ်။

အမေရိကန်သမ္မတဟောင်း ဘရက်ခ်အိုဘားမားကတော့ Bill Richardson ဟာ လွှတ်တော်အမတ်အဖြစ်နဲ့ရော ဝန်ကြီးအဖြစ်နဲ့ရော၊ ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ်နဲ့ရော၊ သံအမတ်အဖြစ်နဲ့ရော၊ ကျနော်တို့ရဲ့ သက်တမ်းတလျှောက်မှာ အထူးချွန်ဆုံး ပြည်သူ့ဝန်ထမ်းတွေထဲက တဦးဖြစ်တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ပြောလိုက်ပါတယ်။

ဒါ့အပြင် သမ္မတဟောင်း Bill Clinton ကလည်း Bill Richarson ဟာ စေ့စပ်ဆွေးနွေးတဲ့နေရာမှာ ကျွမ်းကျင်ပြီးတော့ ဇွဲကောင်းတဲ့သူတယောက်ဖြစ်ပြီး၊ ကမ္ဘာကြီးပိုပြီးတော့ ဘေးကင်းလုံခြုံမှုရှိအောင်နဲ့ ပြည်ပနိုင်ငံတွေမှာ မတရားသဖြင့်ဖမ်းခံထားရတဲ့သူ အများအပြားကို ပြန်လွတ်အောင်လုပ်နိုင်ခဲ့တဲ့သူဖြစ်တယ်လို့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။

လက်ရှိ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကတော့၊ ပြည်နယ်အုပ်ချုပ်ရေးမှူး Richardson ဟာ သူ့ရဲ့ဘဝကို အများပြည်သူကို အလုပ်အကျွေးပြုဖို့ နဲ့ ပြည်ပနိုင်ငံတွေမှာ ဓားစာခံအဖြစ်ဖမ်းခံထားရတဲ့သူတွေ ပြန်လွတ်အောင် မမောမပန်းလုပ်ဆောင်ခဲ့သူ ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံခဲ့ရတဲ့ Frontier Myanmar သတင်းဌာန အယ်ဒီတာတဦးဖြစ်တဲ့ အမေရိကန်နိုင်ငံသား Danny Fenster လွတ်မြောက်ရေး ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ Bill Richardson ဟာ နယူးမက္ကဆီကို လွှတ်တော်အမတ်အဖြစ်နဲ့ ၁၄ နှစ်ကြာ တာဝန်ထမ်းဆောင်ပြီး သမ္မတဟောင်း ကလင်တန်လက်ထက်မှာတော့ စွမ်းအင်ဝန်ကြီးအဖြစ် တာဝန်ထမ်းခဲ့သူ ဖြစ်ပါတယ်။

XS
SM
MD
LG