ကမ္ဘာပေါ်မှာ သေဆုံးကြတဲ့ အသက် ၅ နှစ်အောက် ကလေးငယ် ၄ ယောက်မှာ ၁ ယောက်ဟာ မသန့်ရှင်းတဲ့ ပတ်ဝန်းကျင်ကြောင့် သေဆုံးနေကြရတယ်လို့ WHO ကမ္ဘာကျန်းမာရေးအဖွဲ့ကြီးက ပြောလိုက်ပါတယ်။
အိမ်တွင်း၊ အိမ်ပြင်က လေထုညစ်ညမ်းမှု၊ သူများသောက်နေတဲ့ ဆေးလိပ်ငွေ့ ရှုရှိက်မိလို့အပြင် မသန့်ရှင်းတဲ့ သောက်သုံးရေမရရှိတာ၊ သန့်ရှင်းမိလ္လာစနစ်မရှိတာနဲ့ တကိုယ်ရေသန့်ရှင်းမှု သေသေချာချာ မရှိတာကြောင့် နှစ်စဉ် အသက် ၅ နှစ်အောင် ကလေးငယ် ၁.၇ သန်းသေဆုံးနေကြရတယ်လို့ WHO ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။
၁ လသား အရွယ်ကနေ ၅ နှစ်အရွယ်အထိကလေးငယ်တွေ သေဆုံးကြရတဲ့ အဓိက အကြောင်းအရင်းက ဝမ်းလျှောရောဂါ၊ ငှက်ဖျားရောဂါနဲ့ တုပ်ကွေးရောဂါတွေကြောင့်ဖြစ်ကြပါတယ်။ သန့်ရှင်းတဲ့သောက်သုံးရေ၊ သန့်ရှင်းတဲ့လောင်စာတွေရှိမယ်ဆိုရင် ပါတ်ဝန်းကျင်ညစ်ညမ်းစေမှုကို လျော့နည်းအောင်လုပ်ပြီး အဲဒီရောဂါတွေကနေ ကာကွယ်နိုင်မှာဖြစ်တယ်လို့ WHO ရဲ့အစီရင်ခံစာထဲမှာ ပြောထားပါတယ်။
ညစ်ညမ်းတဲ့ ပတ်ဝန်းကျင်ဟာ လူ့အသက်ကို အန္တရာယ်ပေးနိုင်ပြီး အထူးသဖြင့် ကလေးငယ်တွေကို သေစေနိုင်တယ်လို့ WHO ညွန်ကြားရေးမှူးချုပ် Dr Margaret Chan ကပြောပါတယ်။ အန္တရာယ်ရှိတဲ့ ဝန်းကျင်အခြေအနေတွေက မိခင်ဝမ်းတွင်းမှာရှိနေတဲ့ သန္ဓေသားတွေကစလို့ သက်ရောက်နိုင်တဲ့အတွက် လမစေ့ဘဲမွေးဖွားနိုင်ခြေ ပိုများနိုင်တယ်လို့လည်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။