ဆီးရီးယားမှာရှိနေတဲ့ အမေရိကန်တပ်ဖွဲ့တွေ ပြန်လည် ရုပ်သိမ်းသွားပြီးတဲ့နောက် အဲဒီမှာရှိနေတဲ့ ကဒ်လူမျိုးစု သူပုန်အဖွဲ့တွေကို အကာကွယ်ပေးရေးအတွက် အမေရိကန်နဲ့ တူရကီနိုင်ငံတို့အကြား သဘောတူညီချက် ရနိုင်လိမ့်မယ်လို့ သူ့အနေနဲ့ ယုံကြည်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ပြောကြား လိုက်ပါတယ်။
ဒါပေမယ့် သဘောတူညီချက် ရနိုင်ဖို့အတွက်တော့ နှစ်ဘက် ဆွေးနွေးနေကြဆဲ ဖြစ်တယ်လို့ တူရကီနိုင်ငံခြား ရေးဝန်ကြီးနဲ့ ဆွေးနွေးခဲ့တဲ့ ၀န်ကြီး Pompeo က ပြောပါတယ်။ တူရကီအနေနဲ့ သူ့နိုင်ငံကို ကာကွယ်နိုင်ပြီး ခြိမ်းခြောက် အန္တရာယ်ပြုခြင်းမရှိတဲ့ ကဒ်လူမျိုးစု သူပုန်တွေကို အနှောက်အယှက်မပေးတဲ့ သဘောတူညီ ချက်မျိုး ရနိုင်အောင် ဆွေးနွေးနေကြတယ်လို့ ဆိုပါတယ်။
ဆီးရီးယားနိုင်ငံအတွင်းက IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို အမေရိကန်တို့နဲ့အတူ လက်တွဲ တိုက်ခိုက် နေတဲ့ ကဒ်လူမျိုးစု သူပုန်တွေကို အမေရိကန်ဘက်က စွန့်ပယ်သွားမှာ မဟုတ်ကြောင်းလည်း ၀န်ကြီး Pompeo က ပြောပါတယ်။
ဆီးရီးယားနိုင်ငံအတွင်းက ကဒ်လူမျိုးစု အဖွဲ့အစည်း အများစုကို တူရကီက အကြမ်းဖက်အဖွဲ့အစည်းတွေ အဖြစ် သတ်မှတ်ထားတာ ဖြစ်ပြီး သူတို့ကို တိုက်ခိုက်မယ်လို့ ပြောဆိုထားတာပါ။ ဆီးရီးယားမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့ တွေကို ပြန်ရုပ်သိမ်းမယ့် အစီအစဉ် စတင်ဖို့ သမ္မတ Donald Trump က အမိန့် ထုတ်ပြန်လိုက်ပြီးတဲ့နောက် ကဒ်လူမျိုးစုအဖွဲ့တွေအပေါ် တူရကီဘက်က ခြိမ်းခြောက်မှုတွေလည်း တိုးမြင့် လာနေပါတယ်။