အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong Un တို့ရဲ့ ဇွန်လ ၁၂ ကျင်းပဖို့ စီစဉ်နေတဲ့ ထိပ်သီး ဆွေးနွေးပွဲမတိုင်ခင် မြောက်ကိုရီးယားနိုင်ငံ နျူကလီယားလက်နက် ဖျက်သိမ်းရေးအတွက် အဓိကထားပြီး ကိုရီးယား ၂ နိုင်ငံကြားက ပန်မွန်ဂျုံစစ်မဲ့ဇုံ၊ စင်္ကာပူနဲ့ နယူးရောက်မြို့ တွေမှာ ဒီသီတင်းပတ်ထဲ ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ သမ္မတအိမ်ဖြူ အရာရှိတွေက ပြောပါတယ်။
ဒီကိစ္စအတွက် ဦးစားပေးပြီး လက်ရှိဆွေးနွေးနေကြတာ ဖြစ်သလို စင်္ကာပူမှာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပနိုင်ရေးအတွက်ပါ ဆွေးနွေးနေကြောင်း သမ္မတအိမ်ဖြူပြောခွင့်ရ Sarah Huckabee Sanders က ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေကို ပြောပါတယ်။
ကိုရီးယားကျွန်းဆွယ်ဒေသတွင်း နျူကလီယားလုံးဝကင်းရှင်းရေးအကြောင်း ဆွေးနွေးမှုတွေမှာ ကိုရီးယားမှာ ရှိတဲ့ အမေရိကန် လက်နက်စံနစ်တွေ နဲ့ အကြုံးဝင်မှု မရှိကြောင်း လည်း ပြောပါတယ်။
မြောက်ကိုရီးယား ဆီမှာ နျူကလီယားလက်နက် တဒါဇင်ကျော် ရှိမယ်လို့ ခန့်မှန်းရပါတယ်။
တောင်ကိုရီးယားမှာ အမေရိကန်ရဲ့ လုံခြုံရေးအကာအကွယ်ပေးမှုမှာ နျူကလီယားလက်နက်တပ်ဆင်ထားတဲ့ ရေငုတ်သင်္ဘောတွေ အပြင် နျူကလီယားဗုံးတွေ သယ်ဆောင်နိုင်စွမ်းရှိတဲ့ ကျွန်းဆွယ်မှာ အခြေမစိုက်တဲ့ ဗုံးကြဲလေယာဉ်တွေလည်း ပါဝင်ပါတယ်။
အိမ်ဖြူပြောခွင့်ရ Sanders နဲ့ တခြားအရာရှိတွေရဲ့ ပြောကြားချက်အရ ဒီသီတင်းပတ်အတွင်း မြောက်ကိုရီးယား အရာရှိတွေနဲ့ ဆွေးနွေးမှုတွေမှာ Trump-Kim ထိပ်သီးဆွေးနွေးပွဲ အကြောင်း အဓိကထား ဆွေးနွေးမှာ ဖြစ်ကြောင်း သိရပါတယ်။
အခုသတင်းကြေညာနေချိန်မှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ဟာ ထိပ်သီးဆွေးနွေးပွဲ ပြင်ဆင်မှုဆိုင်ရာ ဆွေးနွေးဖို့ နယူးရောက်ကို ဗုဒ္ဓဟူးနေ့မှာ ရောက်လာခဲ့တဲ့ မြောက်ကိုရီးယား ထိပ်သီးဗိုလ်ချုပ် Kim Yong Chol နဲ့ ညစာစားပွဲ ကျင်းပနေပြီ ဖြစ်ပါတယ်။