သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွဲတေနေတဲ့ရခိုင်ပြည်နယ် အသုံးစရိတ်ပိုလို့ပြန်အပ်


ရခိုင်ပြည်နယ်၊ စစ်တွေမြို့လမ်းပေါ် ရေကျော်နေတဲ့ မြင်ကွင်း။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့လမ်းပေါ် ရေကျော်နေတဲ့ မြင်ကွင်း။

အဆင်းရဲဆုံး၊ ဖွံ့ဖြိုးမှုအနည်းဆုံး ရခိုင်ပြည်နယ်မှာ ပြည်ထောင်စုအစိုးရက ချထားပေးတဲ့ အသုံးစရိတ်ဘတ်ဂျက် ပိုလျှံတယ်ဆိုပြီး ပြည်ထောင်စု အစိုးရထံကို ကျပ်ငွေ သန်းပေါင်း ၁ သောင်း ၃ ထောင်ကျော် ပြန်လည် အပ်နှံလိုက်ပါတယ်။ ပင်လယ်ကမ်းရိုးတန်းဒေသလည်းဖြစ်၊ မြစ်ချောင်း အင်းအိုင်လည်းပေါများတဲ့အတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက အသုံးစရိတ် အပိုလှံျဆုံး ဖြစ်နေတဲ့အပေါ်မှာ ရခိုင်ပြည်နယ် လွှတ်တော်အမတ်တွေကလည်း အပြင်းအထန် ဝေဖန် ပြောဆိုနေကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ မသိင်္ဂီထိုက်က ဆက်သွယ်စုံစမ်းထားပါတယ်။

ဒေသဖွံ့ဖြိုးရေး အတော်လေးနောက်ကျနေပြီး လက်ရှိ လူ့အဖွဲ့အစည်း နှစ်ခုအကြား ပဋိပက္ခတွေကြောင့် ဒုက္ခသည် သောင်းနဲ့ချီ ရှိနေတဲ့ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၃ -၂၀၁၄ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရက ပြည်နယ် အစိုးရအတွက် အသုံးစရိတ် ကျပ်ငွေ ၁၀၉ ဘီလီယံ ချထားပေးခဲ့တာမှာ ရခိုင်အစိုးရက ဘဏ္ဍာရေးနှစ်အဆုံး အစိုးရအသုံးစရိတ် ပိုလျှံတဲ့အတွက် ပြည်ထောင်စုအစိုးရထံကို ကျပ်ငွေ ၁၃ ဘီလီယံ ကျော် (ကျပ်သန်းပေါင်း ၁ သောင်း ၃ ထောင်ကျော် ) ပြန်လည် အပ်နှံလိုက်တယ်လို့ ရခိုင်ပြည်နယ် လွှတ်တော်အမတ်တဦးဖြစ်သူ ဦးအောင်မရကျော်က ဗွီအိုအေကို ပြောပါတယ်။

“၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်မှာ တနှစ်ပတ်လုံးချပေးတဲ့ ၁၀၉ ဘီလီယံပေါ့- အဲဒီ ၁၀၉ ဘီလီယံထဲက သူတို့ တနှစ်ပတ်လုံးသုံးတာ မသုံးနိုင်တဲ့အတွက်ကြောင့် ၁၃.၁၈ ဘီလီယံ ပြန်အပ်လိုက်ရတယ်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်ရဲ့လုပ်ပိုင်ခွင့်ထဲမှာ ဝန်ကြီးဌာနရဲ့ ၂၅ ဌာနကို ပြည်နယ်က တိုက်ရိုက် စီမံခန့်ခွဲခွင့် ရှိပါတယ်။ အဲဒီ ၂၅ ဌာနထဲက ပိုလျှံလာတဲ့ငွေတွေပေါ့၊ အဓိက-က။ အများစုကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာနကပါ။ ၈ ဘီလီယံအထိကို ရှိတာကို။”

ရခိုင်ပြည်နယ် အတွင်းမှာ လမ်းပန်း ဆက်သွယ်ရေး အခက်အခဲတွေ အတော်လေးဆိုးရွားနေချိန်မှာ ပြည်နယ် ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ အခု လုပ်ရပ်ဟာ ရခိုင်ပြည်နယ်အတွက် အတော်လေး အကျိုးမဲ့စေတယ်ဆိုပြီးလည်း ဦးအောင်မရကျော်က ပြောပါတယ်။

“ဆောက်လုပ်ရေးဝန်ကြီးဌာနရဲ့ လမ်းတံတား ဦးစီးဌာနမှာ အခွင့်ရှိတာပေါ့။ လမ်းတံတားဦးစီးဌာနက တနှစ်ပတ်လုံး လုပ်ဆောင်ရမယ့်လိုင်းမှာ မပြီးစီးနိုင်တဲ့ သဘောမျိုးကြောင့် မပြီးစီးဘူးဆိုရင် သူတို့က အဲလိုမျိုး ငွေကို ကြိုထုတ်ထားလို့ မရဘူးလေ။ အဲလိုဆိုတော့ ဘဏ္ဍာရေးနှစ်ကုန်တာနဲ့ သူတို့က ပြန်အပ်လိုက်ရတာပဲ။ တာဝန်ခံမှု၊ တာဝန်သိမှုက အရမ်းကိုဆိုး၊ လုံးဝကို တာဝန်မခံတဲ့ ဝန်ကြီးဌာနလို့ပဲ အဲလိုပဲ ကျနော်တို့ကတော့ သုံးသပ်ကြပါတယ်။ ….. အများကြီးကို နစ်နာပါတယ်။ ပြောမယ်ဆိုရင် ဆုံးရှုံးနစ်နာတာက လမ်း တံတားတွေပေါ့။ အဓိကလုပ်ရမယ့် ဝန်ကြီးဌာနက လမ်းတံတားတွေ၊ ကျနော်တို့ ရခိုင်ပြည်နယ်ရဲ့ လမ်းပမ်းဆက်သွယ်ရေးကလည်း အရမ်းကို ဆိုးရွားနေတဲ့အခြေအနေမှာ ပြုပြင်ရမယ့် တံတားတွေ၊ လမ်းတွေ အများကြီး ရှိပါတယ်။ အဲဒီဟာတွေကို မပြုပြင်လိုက်ရဘဲ-- လိုက်ရတဲ့သဘောမျိုး ဖြစ်တော့ကာ ပြည်နယ်အတွက်တော့ အရမ်း နစ်နာ ဆုံးရှုံးမှုတခု ဖြစ်တယ်လို့ ကျနော်တို့အနေနဲ့ကတော့ အဲလိုမျိုး သုံးသပ်ရမှာ ဖြစ်ပါတယ်။”

ဒီအတွက်လည်း ဒီရက်ပိုင်းအတွင်း ဆွေးနွေးခဲ့ကြတဲ့ ဒဿမ အကြိမ် ရခိုင်ပြည်နယ်လွှတ်တော် အစည်းအဝေးအတွင်းမှာ ပြင်းပြင်းထန်ထန် ဝေဖန်ပြော ဆိုခဲ့ပေမယ့် အစိုးရဘက်ကတော့ ဒီအပေါ်မှာ ဘယ်လို အရေးယူ လုပ်ဆောင်မလဲ ဆိုတာကို တုံ့ပြန်ပြောဆိုခဲ့တာ မရှိဘူးလို့လည်း လွှတ်တော် အမတ် ဦးအောင်မရကျော်က ပြောပါတယ်။

“အဲဒီ ဆွေးနွေးတဲ့အပိုင်းက အဓိက-ကတော့ အဲဒီ ၁၃ ဘီလီယံကို ပြန်အပ်လိုက်ရတဲ့အပိုင်းပါ။ ဒီလောက် ဆင်းရဲနွမ်းပါးမှု အနိမ့်ဆုံးဖြစ်နေတဲ့ပြည်နယ် တခုမှာ အဲဒီဒေသ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်လုပ်ရမယ့် လုပ်ငန်းတွေကို ပြီးစီးအောင် မလုပ်နိုင်တဲ့အတွက်ကြောင့် ပြန်အပ်လိုက်ရတဲ့အတွက် အရမ်းကို နစ်နာတယ်။ နစ်နာဆုံးရှုံးမှုဖြစ်တယ်ဆိုပြီး ကျနော်တို့ ပြင်းပြင်းထန်ထန် ဝေဖန် အကြံပြုခဲ့ကြတာပေါ့။ အမှန်တော့ ဒီဟာက တနှစ်တည်း မဟုတ်ဘူး၊ ဟိုးတနှစ်ကလည်း ဒီအတိုင်းပဲ၊ ဟိုတနှစ်ကဆို 4 ဘီလီယံကျော် ပြန်အပ်လိုက်ရတယ်။ ဒီနှစ်က ၁၃ ဘီလီယံဆိုတော့ တအားကို များသွားပြီ။ ဟိုတနှစ်က ဖိုး ဘီလီယံကျော်ဆိုတော့ သိပ် အသံမထွက်လိုက်ဘူး။ အခုက ၁၃ ဘီလီယံအထိ ပြန်အပ်ရတယ်ဆိုတော့ လုံးဝကို ဆိုးဆိုးဝါးဝါးဖြစ်လာတဲ့ သဘောမျိုး ပေါ့၊ အဲဒါ-ကတော့ အဓိက အစိုးရအဖွဲ့ ဦးဆောင်တဲ့ ဝန်ကြီးချုပ်အပေါ်မှာ အဓိက မူတည်တယ်လို့ ကျနော်တို့အနေနဲ့ သုံးသပ်ကြတာပေါ့။”

ဒီကိစ္စနဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် အတော်များများကို ဆက်သွယ်ခဲ့ပေမယ့်လည်း ဖြေကြားဖို့ ငြင်းဆိုခဲ့ကြပါတယ်ရှင်။

XS
SM
MD
LG