သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှလှေစီး ဒုက္ခသည်တွေကို ကူညီဖို့ ပုပ်ရဟန်းမင်းကြီး ပန်ကြား


ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဂျူးလူမျိုးများ လွတ်မြောက်မှု အထိမ်းအမှတ်နေ့ Vatican နန်းတော်ရဲ့ St. Peter’s ရင်ပြင်မှာ တွေ့ရစဉ်။ (မေ ၂၄၊ ၂၀၁၅)
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဂျူးလူမျိုးများ လွတ်မြောက်မှု အထိမ်းအမှတ်နေ့ Vatican နန်းတော်ရဲ့ St. Peter’s ရင်ပြင်မှာ တွေ့ရစဉ်။ (မေ ၂၄၊ ၂၀၁၅)

ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အတွင်း စက်လှေတွေနဲ့ မျောနေကြတဲ့ ရွှေ့ပြောင်း နေထိုင်သူတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဝိုင်းဝန်း ကူညီကြဖို့ ပုပ်ရဟန်းမင်းကြီး Francis က တနင်္ဂနွေနေ့မှာ တောင်းဆိုလိုက်ပါတယ်။ ပင်လယ်ပြင်အတွင်း မျောနေကောင်းမျောနေနိုင်မယ့် ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေထံမှာ ထောက်ပံ့ရေးပစ္စည်း တဖြည်းဖြည်း နည်းလာနေပြီလို့ ဆိုပါတယ်။

ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အတွင်းမှာ ရှိနေကြတဲ့ ဒုက္ခသည်တွေသတင်းကို နားစွင့်နေမိကြောင်း၊ ဒီလူတွေကြောင်း ကြားရတဲ့အပေါ် သူ့အနေနဲ့ အထူးပဲ စိုးရိမ်ပူပန်ပြီး နှလုံးသားကိုပါ ထိခိုက်နာကျင်မိကြောင်း Pentecost လို့ခေါ်တဲ့ ဂျူးလူမျိုးများ လွတ်မြောက်မှု အထိမ်းအမှတ်နေ့အဖြစ် Vatican နန်းတော်ရဲ့ St. Peter’s ရင်ပြင်မှာ စုဝေးနေကြတဲ့ ပရိသတ်ကြီးကို ပုပ်ရဟန်းမင်းကြီးက တနင်္ဂနွေနေ့မှာ ပြောလိုက်တာပါ။

မြန်မာနိုင်ငံက ထွက်ပြေးလာကြတယ်လို့ဆိုတဲ့ ရိုဟင်ဂျာတွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံက စီးပွားရေး အကြပ်အတည်းတွေကနေ ထွက်ပြေးလာကြတဲ့ ဘင်္ဂါလီ လူမျိုးတွေကို လူမှောင်ခိုကူးတဲ့သူတွေရဲ့ သားကောင်တွေဖြစ်လာပြီး အရှေ့တောင်အာရှတိုက်အတွင်းမှာ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ပဋိပက္ခနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံက လူမှောင်ခိုကူးတဲ့သူတွေကို နှိမ်နင်းမှုတွေ ပြုလုပ်လာနေတဲ့အတွက် မှောင်ခိုသမားတွေက ရွေ့ပြောင်း နေထိုင်သူတွေကို ထိုင်းနိုင်ငံကတဆင့် တခြားနိုင်ငံတွေကို တင်ပို့မယ့်အစား ပင်လယ်ထဲမှာ ဒီအတိုင်း ပစ်ထားခဲ့ကြတာလို့ ဆိုပါတယ်။

ပင်လယ်အတွင်း လူပေါင်း ၃,၅၀၀ လောက် ပိတ်မိနေတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင်စီက သောကြာနေ့မှာ ပြောပါတယ်။

ဒီအတောအတွင်း ဒီဒုက္ခသည်တွေအရေး ဖြေရှင်းနိုင်မယ့် ရေရှည်စီမံကိန်း ထွက်ပေါ်နိုင်အောင် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ လက်တွဲ လုပ်ဆောင်ကြဖို့ Aceh ဒေသမှာရှိတဲ့ ဒုက္ခသည်တွေအတွက် ယာယီဖွင့်ထားတဲ့ စခန်းကို သွားရောက် ကြည့်ရှုစဉ်အတွင်း အင်ဒိုနီးရှား လူမှု ဖူလုံရေးဝန်ကြီး Khofifah Indar Parawansa က တနင်္ဂနွေနေ့မှာ ပြောလိုက်ပါတယ်။

XS
SM
MD
LG