သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး အနားယူမှုအပေါ် နိုင်ငံတကာ တုံ့ပြန်


ပုပ်ရဟန်းမင်းကြီး Benedict
ပုပ်ရဟန်းမင်းကြီး Benedict
လာမယ့် ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ အသက်အရွယ် ကြီးရင့်လာတဲ့ အတွက် ပုပ်ရဟန်းမင်းကြီး Benedict အနားယူမယ်ဆိုတဲ့ သတင်းကို ကြားရလို့ အင်မတန် စိတ်မကောင်းဖြစ်ရတယ်လို့ ဧဝံဂေလိခရစ်ယာန် အသင်းတော် ဘာသာရေးခေါင်းဆောင် က ပြောဆိုလိုက်ပါတယ်။

ဧဝံဂေလိခရစ်ယာန် အသင်းတော် ကြေညာချက်နဲ့အတူ သူ့အနေနဲ့လည်း ၁၆ ယောက်မြောက် ပုပ်ရဟန်းမင်းကြီး Benedict ရဲ့ ဆုံးဖြတ်ချက်ကို စာနာနားလည် ပါကြောင်း၊ ဂုဏ်သိက္ခာနဲ့ ကိုယ်ကျင့်တရား မြင့်မားသလောက် ရဲဝံ့တဲ့ ဆုံးဖြတ်ချက် ဖြစ်ပါတယ် လို့လည်း Canterbury အသင်းတော် ဘုန်းတော်ကြီး ဂျက်စတင် ဝဲလ်ဘီ (Justin Welby) က တုံ့ပြန် ပြောဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ နေရာကို ဆက်ခံမယ့်သူ ရွေးချယ်မှုကို ယုံကြည်ပါကြောင်းနဲ့ အခု အနားယူမှုကို ဘုရားသခင် ကောင်းချီးပေးဖို့ ဆုတောင်းပါကြောင်း ပြောဆို ပါတယ်။

ဂျာမန်ဝန်ကြီးချုပ် အန်ဂျလာ မာခဲ (Angela Merkel) ကလည်း ဒီနေ့ခေတ်ရဲ့ အထင်ရှားဆုံး ဘာသာရေးခေါင်းဆောင် ပုပ်ရဟန်းမင်းကြီး Benedict ကို အလွန်လေးစားကြောင်း ပြောဆိုပါတယ်။

တနင်္လာနေ့အစောပိုင်းက ဗာတီကန်ကျောင်းတော်မှာ ကျင်းပတဲ့ အစည်းအဝေးမှာ အခု ဆုံးဖြတ်ချက်ကို ပုပ်ရဟန်းမင်းကြီးက ပြောဆိုခဲ့တာပါ။ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) နဲ့ သမ္မတကတော် မီရှဲ အိုဘားမား (Michelle Obama) တို့ကလည်း ပုပ်ရဟန်းမင်းကြီးအတွက် ဆုမွန်ကောင်း တောင်းပြီး ကျေးဇူးတော် ချီးမွမ်းခဲ့ပါတယ်။
ခရစ်ယာန်ဘုရားကျောင်းတွေဟာ အမေရိကန်ပြည်ထောင်စုမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်နေပြီး ပုပ်ရဟန်းမင်းကြီး Benedict နေရာကို ဆက်ခံမယ့်သူအတွက် အမေရိကန်ပြည်ထောင်စု အပါအဝင် တကမ္ဘာလုံးက ဆုမွန်ကောင်း တောင်းနေပါတယ်လို့ သမ္မတ အိမ်ဖြူတော် က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အောက်လွှတ်တော်ဥက္ကဌ ဂျွန် ဘေနာ (John Boehner) ကတော့ ဒီဆုံးဖြတ်ချက်က သာသနာတော်အပေါ်ထားတဲ့ မေတ္တာနဲ့ စာနာမှှုကို ပြနေတယ်လို့ ဆိုပါတယ်။

တောင်အာဖရိက က Pretoria ဘုန်းတော်ကြီး ဝီလျံ စလတ်တာရီ (William Slattery) နဲ့ အစ္စရေးလ်က ဂျူးဘာသာရေးခေါင်းဆောင် အကြီးအကဲ ယိုနာ မတ်ဇဂါ (Yona Metzger) တို့ကလည်း ဆုမွန်ကောင်း တောင်းခဲ့ပါတယ်။
XS
SM
MD
LG