သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်း ဝတ်ပြုပွဲမှာ မြန်မာ့လူ့အခွင့်အရေးကိစ္စ ပြော


၀က်စ်မင်စတာ ဘုရားကျောင်းတွင် ကျင်းပသော ဝတ်ပြုဆုတောင်းပွဲတွင် တွေ့ရသည့် ပုပ်ရဟန်းမင်းကြီး Bemedict XVI။ စက်တင်ဘာ ၁၈၊ ၂၀၁၀
၀က်စ်မင်စတာ ဘုရားကျောင်းတွင် ကျင်းပသော ဝတ်ပြုဆုတောင်းပွဲတွင် တွေ့ရသည့် ပုပ်ရဟန်းမင်းကြီး Bemedict XVI။ စက်တင်ဘာ ၁၈၊ ၂၀၁၀

ဗြိတိနိုင်ငံမှာ ရောက်ရှိနေတဲ့ ပုပ်ရဟန်းမင်းကြီး Benedict ဟာ London မြို့တော်က Hyde Park ပန်းခြံကြီးမှာ ဝတ်ပြုဆုတောင်းပွဲတခုကို လုပ်ခဲ့ပါတယ်။ ဒီပွဲမှာ လူပေါင်း ၈၀,၀၀၀ လောက် လာရောက်ဝတ်ပြုခဲ့ကြပါတယ်။

ဒီဝတ်ပြုဆုတောင်းပွဲမစခင်မှာ ပွဲစီစဉ်သူတွေ ရွေးချယ်ထားသူ လူငယ် သုံးယောက်က မိန့်ခွန်းစကားပြောခဲ့ကြတာမှာ အဲဒီထဲက အသက် ၁၇ နှစ်အရွယ် Declan Stokle ဆိုသူ Catholic လူငယ်လေးက မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြောင်းကို ပြောပြခဲ့ပါတယ်။

ပရိတ်သတ် ၈၀,၀၀၀ လောက်ကို သူပြောပြခဲ့တာနဲ့ ပတ်သက်လို့ Declan က VOA မြန်မာပိုင်းကို အခုလို ပြန်ပြောပြပါတယ်။

“ကျနော် ၁၀ နှစ်သားအရွယ် ထိုင်း မြန်မာနယ်စပ်က ဒုက္ခသည်စခန်းကို မိဘတွေနဲ့ ပထမဆုံးအကြိမ်ရောက်သွားခဲ့တုန်းက ကျနော့်မှာ ရှိနေတဲ့ ပြည့်စုံမှုတွေအားလုံးနဲ့ ဆန့်ကျင်ဘက် အရာရာလိုအပ်နေတဲ့ ကလေးတယောက်ကိုစတွေ့ခဲ့တဲ့အကြောင်းကို အရင်ဆုံး ပြောပြ ပါတယ်။ နောက်ပြီး ကျနော်တွေ့မြင်ခဲ့ရတဲ့ မြန်မာစစ်အစိုးရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြောပြပါတယ်။ တနေ့မှာ မြန်မာနိုင်ငံက ဘာသာပေါင်းစုံ ကလေးငယ်တွေ အားလုံး လွတ်လွပ်လပ်လပ် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေထိုင်နိုင်ကြဖို့ ကျနော် မျှော်လင့်တယ် လို့ ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။
“ကျနော်ပြောတာကို နားထောင်နေကြသူတွေအနေနဲ့လဲ မြန်မာပြည်သူတွေအတွက် တတ်နိုင်တဲ့ဘက်ကနေ ကူညီကြဖို့ ကျနော် ပြောခဲ့ ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတာတွေကို မသိကြသူတွေက ကျနော်ပြောတာကို နားထောင်ပြီး အံ့သြနေကြပုံရပါတယ်။ ကျနော် စကားပြောပြီးတဲ့နောက်မှာလည်း မြန်မာနိုင်ငံအတွက် ဘာလုပ်ပေးလို့ ရမလဲဆိုပြီး သတင်းစကား မေးကြသူတွေ အများကြီး ရှိပါတယ်။”

ပုပ်ရဟန်းမင်းကြီးရဲ့ ဝတ်ပြုဆုတောင်းပွဲမှာ မြန်မာနိုင်ငံအကြောင်းပြောပြခဲ့သူ Declan Stokle ဖြစ်ပါတယ်။ Declan ဟာ ထိုင်းမြန်မာ နယ်စပ်က ဒုက္ခသည်စခန်းတွေဆီ အကြိမ်ကြိမ် သွားရောက်ပြီး ဒုက္ခသည်တွေကို ကူညီနေသူဖြစ်ပါတယ်။

ခုလိုစနေနေ့က London မြို့ Hyde Park ပန်းခြံကြီးမှာလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲမတိုင်ခင်မှာ ပုပ်ရဟန်းမင်းကြီး Benedict ဟာ Roman Catholic ဘုန်းကြီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ မတော်မတရားလုပ်တာ ခံရဖူးသူတွေနဲ့ တွေ့ဆုံံပြီး သူ့အနေနဲ့ အထူးစိတ်မကောင်း ဖြစ်ရကြောင်းနဲ့ ပြောပြလို့တောင် မကောင်းတဲ့ လုပ်ရပ်တွေအတွက် သူအရှက်ရပါကြောင်း ပြောကြားခဲ့ပါတယ်။

ပထမဆုံးအကြိမ် ဗြိတိန်ကိုလာရောက်တဲ့ ပုပ်ရဟန်းမင်းကြီးဟာ လိင်ပိုင်းဆိုင်ရာ စော်ကားခံရ သူတွေနဲ့ တွေ့ဆုံရတဲ့အခါ တော်တော်လေး စိတ်မကောင်းဖြစ်တယ်လို့ Vatican က ပြောပါ တယ်။

အဲဒီသူတွေနဲ့အတူ ပုပ်ရဟန်းမင်းကြီးက ဆုတောင်းဝတ်ပြုခဲ့ပြီး လူငယ်တွေရဲ့ လုံခြုံမှုကို အကာအကွယ်ပေးနိုင်ဖို့ Roman Catholic အသင်းတော်က ဆောင်ရွက်နေပါတယ်လို့ အာမခံခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ ဗြိတိန်ခရီးစဉ်ကို ကန့်ကွက်နေကြသူ ထောင်ပေါင်း များစွာကတော့ လန်ဒန်မြို့လယ်မှာ စနေနေ့က ဆန္ဒပြခဲ့ကြပါတယ်။

XS
SM
MD
LG