သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျူးဘားကို ပုပ်ရဟန်းမင်း သွားရောက်ဖွယ်ရှိ


ပုပ်ရဟန်းမင်းကြီး Francis။
ပုပ်ရဟန်းမင်းကြီး Francis။

ပုပ်ရဟန်းမင်းကြီး Francis အမေရိကန် ပြည်ထောင်စုကို စက်တင်ဘာလထဲ အလည်အပတ်လာတဲ့အခါမှာ ကျုးဘားနိုင်ငံကိုဝင်ဖို့ စဉ်းစားနေပေမဲ့ အပြီးသတ် ဆုံးဖြတ်ချက်တော့ မချရသေးဘူးလို့ ဗာတီကန်နန်းတော်က ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။ အမေရိကန်နဲ့ ကျုးဘားခေါင်းဆောင်တွေကို စာရေးတိုက်တွန်းခဲ့တာ၊ ၂ ဖက် ကိုယ်စားလှယ်တွေရဲ့ နောက်ဆုံး ဆွေးနွေး ညှိနှိုင်းမှုတွေကို ဗာတီကန်မှာ လက်ခံကျင်းပခဲ့တာတွေကြောင့် ပုပ်ရဟန်းမင်းကြီးဟာ ၂ နိုင်ငံကြား ပြန်လည် အဆက်အဆံလုပ်ခဲ့တဲ့ သမိုင်းဝင် လုပ်ငန်းစဉ်မှာ အရေးပါသူ တဦးအဖြစ်နဲ့လည်း ထင်ရှားခဲ့တာပါ။

ကျုးဘားနိုင်ငံကို ဝင်ရောက်ဖို့ ပုပ်ရဟန်းမင်းကြီး စဉ်းစားနေပေမဲ့၊ ခရီးစဉ်အသေးစိတ် ရေးဆွဲတာလို နောက်ဆုံးအဆင့်အထိ ဆုံးဖြတ်ချက်ချဖို့ကတော့ အချိန်စောသေးတယ်လို့လည်း ဗာတီကန်နန်းတော်ရဲ့ ပြောခွင့်ရသူ ဘုန်းတော်ကြီး Federico Lombardi ကပြောပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ စက်တင်ဘာလ နောက်ဆုံးသီတင်းပတ်အတွင်း အမေရိကန် ခရီးစဉ်မှာတော့ ကွန်ဂရက်လွှတ်တော်မှာ စကားပြောကြားမှာ ဖြစ်သလို၊ သမ္မတ Barack Obama နဲ့လည်း အိမ်ဖြူတော်မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာလည်း ရဟန်းမင်းကြီး တရားဟောကြားဖို့ရှိပြီး၊ Philadelphia မြို့က ကက်သလစ်ခရစ်ယာန် ဘာသာဝင်တွေရဲ့ စုဝေးပွဲကိုလည်း တက်ရောက်မှာပါ။ Wall Street Journal က ပထမဆုံး ဖော်ပြခဲ့တဲ့ အတိုင်းသာ ခရီးစဉ် တကယ်ဖြစ်လာမယ် ဆိုရင်တော့ ကျုးဘားနိုင်ငံကို တတိယအကြိမ် ပုပ်ရဟန်းမင်းတပါး ကြွရောက်တဲ့ ခရီးစဉ်လည်း ဖြစ်လာပါလိမ့်မယ်။ ကျုးဘားနိုင်ငံကို နောက်ဆုံးအကြိမ် ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက် John Paul ၁၉၉၈ ခုနှစ်က သွားရောက်စဉ်မှာတော့ ကျုးဘားနိုင်ငံ အနေနဲ့ ကမ္ဘာကြီးကို တံခါးဖွင့် ဆက်ဆံဖို့၊ ကမ္ဘာကြီးကလည်း ကျုးဘားနိုင်ငံကို တံခါးဖွင့် ဆက်ဆံကြဖို့ တိုက်တွန်းခဲ့ဖူးပါတယ်။

XS
SM
MD
LG