သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး ကန်ခရီးစဉ်အတွင်း ကျူးဘားဝင်မည်


ပုပ်ရဟန်းမင်းကြီး Francis ဟာ အမေရိကန်ပြည်ထောင်စုကို လာရောက်မယ့် ခရီးစဉ်မတိုင်ခင် စက်တင်ဘာလမှာ ကျူးဘားနိုင်ငံကို သွားရောက်ဖို့ စီစဉ်နေပါတယ်။

ဒါဟာဖြင့် ကွန်မြူနစ် ကျူးဘားနိုင်ငံကို တတိယမြောက် ပုပ်ရဟန်းမင်းတပါး သွားရောက်တာ ဖြစ်ပါလိမ့်မယ်။ အရင် ပုပ်ရဟန်းမင်းတွေဖြစ်ကြတဲ့ ဒုတိယမြောက် John Paul နဲ့ ၁၆ ယောက်မြောက် Benedict တို့ဟာ ကျူးဘားနိုင်ငံကိုသွားရောက်ပြီး ခေါင်းဆောင်ဟောင်း Fidel Castro နဲ့ တွေ့ဆုံဖူးပါတယ်။

အမေရိကန်ပြည်ထောင်စုနဲ့ ကျူးဘားနိုင်ငံတို့အကြား ပုံမှန်ဆက်ဆံရေး ပြန်တည်ဆောက်နိုင်ဖို့ရာမှာ ပုပ်ရဟန်းမင်းကြီး Francis က သံတမန်ရေး အဓိက အခန်းကဏ္ဍကနေ ပါခဲ့တယ်လို့ ဗာတီကန်နန်းတော်က ပြောပါတယ်။ နှစ်နိုင်ငံက ကိုယ်စားလှယ်အဖွဲ့တွေကို ပြီးခဲ့တဲ့နှစ်မှာ ပုပ်ရဟန်းမင်းက အိမ်ရှင်အဖြစ်ဖိတ်ခေါ်ပြီး တွေ့ဆုံဖို့ စီစဉ်ပေးခဲ့တာပါ။

စက်တင်ဘာလ ၂၃ ရက်နေ့ ပတ်ဝန်းကျင်မှာစတင်မယ့် အမေရိကန် မြို့ကြီး ၃ မြို့ခရီးစဉ်မတိုင်ခင် ကျူးဘားနိုင်ငံကို ပုပ်ရဟန်းမင်းကြီးသွားဖို့ စီစဉ်တာလည်း ဖြစ်ပါတယ်။ အမေရိကန်ခရီးစဉ်အတွင်း ကွန်ဂရက်လွှတ်တော်မှာ ပုပ်ရဟန်းမင်း မိန့်ခွန်းပြောဖို့ရှိသလို သမ္မတ Barack Obama နဲ့လည်း အိမ်ဖြူတော်မှာ တွေ့ဆုံဖို့ရှိပါတယ်။

ဒါ့အပြင် နယူးယောက်မြို့က ကုလသမဂ္ဂ ဌာနချုပ်ကိုသွားရောက်ပြီး ပန်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ဖီလာဒဲလ်ဖီးယားမြို့ ခရစ်ယာန်ဘုရားကျောင်းတခုမှာ မိသားစုတွေ စုဝေးပွဲကို တက်ရောက်ဖို့လည်း ရှိပါတယ်။

XS
SM
MD
LG