သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး ဖိလစ်ပိုင်တရားပွဲ လူ ၆ သန်းတက်ရောက်


ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ထဲက ရီဇဲလ် (Rizal) ကွင်းထဲမှာ မိုးတွေရွာနေတဲ့ကြားမှာပဲ သန်းနဲ့ချီတဲ့ Roman Catholic ဘာသာဝင်တွေဟာ
ပုပ်ရဟန်းမင်းကြီး Francis ဦးဆောင်တဲ့ ဝတ်ပြုဆုတောင်းပွဲကိုလာခဲ့ကြပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ယာဉ်တန်းဖြတ်သွားတာကို
စောင့်နေကြသူတွေရော ဝတ်ပြုပွဲကို ဖိလစ်ပိုင်လူမျိုးတွေအပြင် တခြားနိုင်ငံတွေကပါ လာကြသူပေါင်း ၆ သန်းလောက်ရှိတယ်လို့ အာဏာပိုင်တွေက
ပြောပါတယ်။

ဆင်းရဲမွဲတေမှုတွေ၊ အဂတိလိုက်စားမှုတွေ၊ လှစ်လျှူရှုမှုတွေ ဆက်လက်ဖြစ်နေစေမယ့် လူမှုအဖွဲ့အစည်းတွေကို ဆန့်ကျင်ကြဖို့ ဖိလစ်ပိုင်လူမျိုးတွေကို ပုပ်ရဟန်းမင်းကြီးက တရားပွဲမှာ တိုက်တွန်းသွားပါတယ်။ ဖိလစ်ပိုင်သမ္မတ Benigno Aquino နဲ့ သောကြာနေ့တုန်းက တွေ့ဆုံစဉ်ကလည်း အလားတူ အဂတိလိုက်စားမှုတွေ၊ လူမှုရေးမညီမျှတွေကို တိုက်ဖျက်ကြဖို့ ပုပ်ရဟန်းမင်းကြီးက ပြောခဲ့ပါတယ်။ စနေနေ့တုန်းကတော့ ယိုင်ယန်မုန်တိုင်းဒဏ် အကြီးအကျယ်ခံထားရတဲ့ Tacloban မြို့ဆီကို ပုပ်ရဟန်းမင်းကြီးသွားရောက် နှစ်သိမ့်အားပေးခဲ့ပါတယ်။ မုန်တိုင်းရှိတဲ့အတွက် သူ့ရဲ့ခရီးစဉ်ကို စောပြီးအဆုံးသတ်ခဲ့ရပါတယ်။

Catholic ဘာသာဝင် သန်းပေါင်း ၈၀ လောက်ရှိတဲ့ဖိလစ်ပိုင်နိုင်ငံဆီကို ၁၉၉၅ ခုနှစ်တုန်းက အရင် ပုပ်ရဟန်းမင်းကြီး John Paul လာရောက်ခဲ့ဖူးပြီး
အခုတခေါက်ဟာ ဒုတိယမြောက် ပုပ်ရဟန်းမင်းကြီးတပါးလာရောက်မှုဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီး Francis Roman Catholic အသင်းတော်ကို ဦးဆောင်ခဲ့ပြီးတဲ့နောက်မှာ ဆင်းရဲသားတွေ၊ လူမှုအသိုင်းအဝိုင်းပြင်ပရောက်နေသူတွေကို အလေးထားတယ်ဆိုတာကို ပြသတဲ့အနေနဲ့ ခရီးတွေထွက်ခဲ့ပြီး အခုအာရှကို လာရောက်မှုဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်ရှင်။

XS
SM
MD
LG