သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ရိုဟင်ဂျာ" အရေး ပုပ်ရဟန်းမင်းကြီး မိန့်ကြား


ပုပ်ရဟန်းမင်းကြီး Francis။
ပုပ်ရဟန်းမင်းကြီး Francis။

ရိုဟင်ဂျာမူဆလင်တွေရဲ့ ကံကြမ္မာဟာ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာတခု ဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီး Francis က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။ ဗာတီကန်နန်းတော် က ဆဌမမြောက် ပေါလ် ခန်းမဆောင်မှာ ပရိတ်သတ် ကို ဟောကြားရာမှာ - ရိုဟင်ဂျာမူဆလင်တွေ ပြုမူဆက်ဆံ ခံနေရတဲ့အပေါ် ပုပ်ရဟန်းမင်းကြီးက ဝေဖန် လိုက်သလို၊ ကြုံတွေ့နေရတဲ့ အခြေအနေဟာလည်း စစ်ပွဲတပွဲလိုပဲလို့ ရည်ညွှန်းပြောကြားသွားပါတယ်။

“ရိုဟင်ဂျာတွေထဲက ညီအကိုမောင်နှမတွေအတွက် စဉ်းစားကြည့်မယ်ဆိုရင်၊ ဒီလူတွေဟာ တနေရာကနေ တနေရာကို မောင်းထုတ်ခံကြရသူတွေဖြစ်တယ်။ ပင်လယ်ကိုဖြတ်ပြီး ဆိပ်ကမ်းတခု၊ ကမ်းခြေတခုကို ရောက်ပြီးတော့၊ သောက်ရေနဲ့ အစားအစာတွေ ပေးပြီးတော့မှ သူတို့ဟာ ပင်လယ်ထဲ နောက်တခါ မောင်းထုတ် ခံရပြန်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ ပြဿနာဟာ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာတခု၊ စစ်ပွဲတပွဲဖြစ်သလို၊ အကြမ်းဖက်မှု၊ သတ်ဖြတ်မှုလို့လည်း ခေါ်နိုင်ပါတယ်။” - လို့ ပုပ်ရဟန်းမင်းကြီး Francis က အီတလီဘာသာနဲ့ ဟောကြားသွားခဲ့တာပါ။

ဖိနှိပ်မှုတွေ၊ ခွဲခြားဆက်ဆံခံရမှုတွေကြောင့်ဆိုပြီး ရိုဟင်ဂျာ မူဆလင်တွေ ဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကနေ ထွက်ခွာပြီး မလေးရှား၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွေ အပါအဝင် ဒေသတွင်း နိုင်ငံတွေ ဆီကို ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာ မူဆလင်တွေကို မြန်မာနိုင်ငံက လူမျိုးတမျိုးအဖြစ် တရားဝင် အသိအမှတ်ပြုမထားပါဘူး။

XS
SM
MD
LG