သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လွှတ်တော်မှာ ပုပ်ရဟန်းမင်း တရားဟော


အမေရိကန် လွှတ်တော်မှာ ပုပ်ရဟန်းမင်း တရားဟော။ စက်တင်ဘာ ၂၄၊ ၂၀၁၅။
အမေရိကန် လွှတ်တော်မှာ ပုပ်ရဟန်းမင်း တရားဟော။ စက်တင်ဘာ ၂၄၊ ၂၀၁၅။

အမေရိကန် နိုင်ငံကို ရောက်နေတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဒီကနေ့ ကြာသပတေးနေ့ အမေရိကန်စံတော်ချိန် မနက် ဆယ်နာရီကစပြီး လွှတ်တော်မှာ တနာရီနီးပါး မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ လွှတ်တော်ကိုရောက်လာတဲ့ ပုပ်ရဟန်းမင်းကြီးကို လာရောက်ဖို့အတွက် ဖိတ်ကြားခဲ့တဲ့ လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဘိန်နာက ကြိုဆိုခဲ့တာပါ။

လွှတ်တော်မှာ မိန့်ခွန်းစပြောချိန်မှာ ရဲရင့်တဲ့ အမေရိကန်နိုင်ငံသားတွေကို ပုပ်ရဟန်းမင်းကြီးက နှုတ်ခွန်းဆက်စကား ပြောခဲ့တာ ဖြစ်ပြီး လူသားတွေရဲ့ အခြေခံ ရပိုင်ခွင့်ဖြစ်တဲ့ အမျိုးသား အမျိုးသမီး တန်းတူ ရပိုင်ခွင့်ရှိဖို့ ပထမဆုံး ပြောကြားခဲ့ပါတယ်။

အများမျှော်လင့်နေကြသလိုပဲ ပုပ်ရဟန်းမင်းကြီးက သူ့ရဲ့ မိန့်ခွန်းထဲမှာ ကမ္ဘာကြီး ပူနွေးမှု ပြဿနာကို ပြောကြားသွားပြီး ရာသီဥတု ပြောင်းလဲမှုအတွက် အားလုံးလက်တွဲ ဆောင်ရွက်ဖို့ တိုက်တွန်းသွားပါတယ်။ ကမ္ဘာကြီး ငြိမ်းချမ်းမှု ရဖို့ သန္ဓိဌာန် ခိုင်ခိုင်မာမာ ချဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့သလို လူသေစေတဲ့ လက်နက်တွေ ဘာ့ကြောင့် ရောင်းဝယ်နေကြသလဲလို့ မေးခွန်းထုတ်ခဲ့ပြီး လက်နက်ရောင်းဝယ်မှုတွေ ရပ်ဆိုင်းရမယ့် တာဝန်ရှိတယ်လို့ လည်း ပြောပါတယ်။

ဒါ့အပြင် မိသားစုတွေအားလုံးအတွက် စိုးရိမ်မှု ရှိနေတာကိုလည်း ထုတ်ဖေါ် ပြောဆိုခဲ့ပြီး အမေရိကန်ပြည်ထောင်စုကို ဘုရားသခင် ချီးမြှောက်ပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်ခဲ့ပါတယ်။

မိန့်ခွန်း ပြောကြားအပြီးမှာတော့ ပုပ်ရဟန်းမင်းကြီးဟာ လွှတ်တော်ရဲ့ အနောက်ဖက် မြက်ခင်းပြင်မှာ သူ့ကို စောင့်မျှော်နေကြတဲ့ သောင်းနဲ့ ချီတဲ့ လူထုကြီးကို ဝါရှင်တန်ဒီစီ မြို့တော်ကို အပေါ်စီးကနေ မြင်ရတဲ့ လွှတ်တော် လေသာဆောင် ကနေ အပူဇော်ခံခဲ့ပါတယ်။

လွှတ်တော် လေသာဆောင်ကနေ အပူဇော်ခံ
လွှတ်တော် လေသာဆောင်ကနေ အပူဇော်ခံ

အခုသတင်းကြေညာနေတုန်းမှာပဲ ပုပ်ရဟန်းမင်းကြီးဟာ ဝင်ငွေနည်းတဲ့ မိသားစုတွေနဲ့ အိမ်ခြေယာမဲ့တွေဆီကို သွားရောက်နေပြီဖြစ်ပါတယ်။

မနေ့က ဗုဒ္ဓဟူးနေ့မှာတော့ သမ္မတ အိမ်ဖြူမှာ အမေရိကန်သမ္မတ Barack Obamaနဲ့ တွေ့ဆုံခဲ့ပြီး ပုပ်ရဟန်းမင်းကြီးရဲ့ ပထမဆုံး ဝတ်ပြုဆုတောင်းပွဲကို ဝါရှင်တန်ဒီစီမှာ ရှိတဲ့ အမျိုးသား ဘုရားရှိခိုးကျောင်းမှာ ကျင်းပခဲ့တာပါ။

မနက်ဖြန်မှာတော့ နယူးရောက်ကို သွားရောက်ပြီး ကုလသမဂ္ဂမှာ မိန့်ခွန်းပြောကြားဖို့ ရှိတဲ့အပြင် တနင်္ဂနွေနေ့မှာတော့ လူပေါင်း သန်းချီ တက်ရောက်ဖို့ ရှိတဲ့ Philadelphia မြို့က ကမ္ဘာတဝှမ်း မိသားစုများ တွေ့ဆုံပွဲမှာ တရားဟောမှာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ ညပိုင်းမှာတော့ ပုပ်ရဟန်းမင်းကြီး Francis ဟာ အီတလီနိုင်ငံ ရောမမြို့ကို ပြန်လည်ထွက်ခွာမှာ ဖြစ်ပါတယ်။

XS
SM
MD
LG