သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအပါအဝင် Cardinal အပါး ၂၀ ပုပ်ရဟန်းမင်းကြီး ရွေးချယ်


ရိုမန်ကက်သလစ် အသင်းတော်အတွက် မြန်မာနိုင်ငံက အပါအဝင် ကာဒီနယ် ဘုန်းတော်ကြီး အပါး ၂၀ ကို ပုပ်ရဟန်းမင်းကြီး Francis က ရွေးချယ်လိုက်ပါတယ်။

ရန်ကုန်မြို့က Archbishop ဘုန်းတော်ကြီး ချားလ်မောင်ဘို-အပါအဝင် Archbishop နဲ့ Bishop အပါး ၂၀ ကို Cardinal ဘုန်းတော်ကြီးတွေအဖြစ် ရွေးချယ်လိုက်ကြောင်း ပုပ်ရဟန်းမင်းကြီး Francis က တနင်္ဂနွေနေ့မှာ ကြေညာခဲ့တာဖြစ်ပါတယ်။

ဒါဟာဆိုရင် မြန်မာနိုင်ငံကနေ ပထမဆုံး Cardinal ဘုန်းတော်ကြီး တပါး ရွေးချယ်ခံရမှု ဖြစ်ပါတယ်။ ကမ္ဘာ့တိုက်ကြီးအားလုံးထဲက နိုင်ငံပေါင်း ၁၄ နိုင်ငံကနေ Cardinal ဘုန်းတော်ကြီးတွေကို ရွေးချယ်ခဲ့ရတာဟာ Vatican နဲ့ ကမ္ဘာ့နေရာစုံမှာရှိတဲ့ Roman Catholic အသင်းတော်တွေကြားမှာ ခွဲခြားလို့မရတဲ့ ဆက်နွယ်မှုတွေ ရှိနေတယ်ဆိုတာ ပြသတာဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးပြီးရင် Cardinal ဘုန်းတော်ကြီးတွေဟာ အသင်းတော်မှာ သြဇာအရှိဆုံးဖြစ်ပါတယ်။ အခုရွေးချယ်ခဲ့တဲ့ အပါး ၂၀ ထဲမှာ ဘုန်းတော်ကြီး ချားလ်မောင်ဘိုအပါအဝင် ၁၅ ပါးဟာ အသက် ၈၀ အောက်တွေဖြစ်တာမို့ ပုပ်ရဟန်းမင်းကြီးသစ်ကို မဲပေးရွေးချယ်ပိုင်ခွင့်ရကြမှာဖြစ်ပါတယ်။

ထိုင်း၊ ဗီယက်နမ်၊ အီသီယိုးပီးယား၊ တွန်ဂို စတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေအပါ အဝင် နိုင်ငံစုံက Cardinal ဘုန်းတော်ကြီးတွေ ရွေးချယ်မှုဟာ ပုပ်ရဟန်းမင်းကြီး Francis လက်ထက်မှာ ဒုတိယအကြိမ်မြောက် ဖြစ်ပါတယ်၊။ အခု အသစ်ရွေးချယ်တဲ့ Cardinal အပါး ၂၀ အတွက် တရားဝင်ခန့်အပ်ပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

Vatican အုပ်ချုပ်ရေးအဖွဲ့ Roman Curia မှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ အဆိုပြုဆွေးနွေးပွဲကိုတော့ သူဦးဆောင်ပြီး Cardinal ဘုန်းတော်ကြီးတွေ အားလုံးနဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ပြုလုပ်မှာဖြစ်တယ် ဆိုတာကိုလည်း ပုပ်ရဟန်းမင်းကြီး Francis က အသိပေးခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီး Francis အနေနဲ့ ၂၀၁၃ ခုနှစ် မတ်လမှာ Roman Catholic အသင်းတော်ကို စတင်ဦးဆောင်ခဲ့ပြီးထဲက Vatican အုပ်ချုပ်ရေးအဖွဲ့အတွင်းမှာ ရှိနေတဲ့ အဂတိလိုက်စားမှုအပြင် တခြားပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနေတာကို တွေ့ရပါတယ်။

XS
SM
MD
LG