သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာမြေ ငြိမ်းချမ်းစေဖို့ ပုပ်ရဟန်းမင်းဆုမွန်တောင်း


ပုပ်ရဟန်းမင်းကြီး Francis စိန့်ပီတာဘုရားကျောင်း လသာဆောင်ကနေ အီစတာ တနင်္ဂနွေနေ့မှာ လူအများကို နှုတ်ဆက်နေစဉ်။ (မတ်လ ၃၁ ရက်၊ ၂၀၁၃)။
ပုပ်ရဟန်းမင်းကြီး Francis စိန့်ပီတာဘုရားကျောင်း လသာဆောင်ကနေ အီစတာ တနင်္ဂနွေနေ့မှာ လူအများကို နှုတ်ဆက်နေစဉ်။ (မတ်လ ၃၁ ရက်၊ ၂၀၁၃)။
ကမ္ဘာကြီးငြိမ်းချမ်းအောင်ဆောင်ရွက်ကြဖို့နဲ့ ကိုရီးယားကျွန်းဆွယ်မှာဖြစ်နေတဲ့ပြဿနာကို သံတမန်ရေးနည်းနဲ့ အဖြေရှာဖို့ ပုပ်ရဟန်းမင်းကြီး Francis က တိုက်တွန်းလိုက်ပါ တယ်။ ယေရှုခရစ်တော် ရှင်ပြန်ထမြောက်တဲ့နေ့အထိမ်းအမှတ် အီစတာ (Easter) တနင်္ဂနွေနေ့မှာ ပုပ်ရဟန်းမင်းကြီးက ကမ္ဘာတဝန်းကို သတင်းစကားပါးခဲ့တာမှာ အစ္စရေးနဲ့ ပါလက်စတိုင်းကြား ငြိမ်းချမ်းရေးရဖို့၊ ဆီးရီးယားမှာ ပြည်တွင်းစစ် အဆုံးသတ်ဖို့နဲ့ အာဖရိကနိုင်ငံတချို့မှာဖြစ်နေတဲ့ ပဋိပက္ခတွေကို နိုင်ငံရေးအရ အဖြေရှာကြဖို့ ပြောကြားခဲ့ပါတယ်။

ဗာတီကန် (Vatican) မှာရှိတဲ့ စိန့်ပီတာ (St. Peter’s) ဘုရားကျောင်းရဲ့ လသာဆောင်မှာထွက်ပြီး ပုပ်ရဟန်းမင်းကြီး Francis က အီတလီဘာသာနဲ့ အီစတာ နေ့အထိမ်းအမှတ် ပြောကြား ခဲ့တာဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးရဲ့ သတင်းစကားကို ကြားရဖို့ စိန့်ပီတာရင်ပြင်ကို လာရောက်ခဲ့ကြသူပေါင်းက ၂ သိန်းခွဲထက် မနည်းရှိပါတယ်။

အစောပိုင်းကတော့ စိန့်ပီတာ ရင်ပြင်မှာတင်မက အနီးအနားက လမ်းတွေအထိ ပြည့်လျှံနေတဲ့ ကမ္ဘာအရပ်ရပ်က ဘုရားဖူးတွေနဲ့အတူ ပုပ်ရဟန်းမင်းကြီး ဦးဆောင်ပြီး ဝတ်ပြုခဲ့ပါတယ်။ ခရစ်ယာန်ဘာသာဝင်တွေအတွက် ဘာသာရေးအရ အရေးပါတဲ့ အီစတာ တနင်္ဂနွေအထိမ်းအမှတ် ဝတ်ပြုပွဲတွေကို ကမ္ဘာတဝန်းကျင်းပခဲ့ကြပါတယ်။

အမေရိကန်သမ္မတ ဘရက်အိုဘားမား (Barack Obama) ဟာ သူ့ရဲ့မိသားစုနဲ့အတူ ဘုရားကျောင်းတက်ခဲ့သလို ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘက် (Elizabeth) ကလည်း ဝင်ဆာ (Windsor) နန်းတော်မှာ တော်ဝင်မိသားစုနဲ့အတူ ဝတ်ပြုဆုတောင်းခဲ့ပါတယ်။

ရိုမန်ကက်သလစ် ဘာသာဝင်အများစုရှိတဲ့ ဖိလစ်ပိုင်နိုင်ငံမှာလည်း သမ္မတ ဘန်နင်နိုအကွီနို (Benigno Aquino) က ယေရှုခရစ်တော် ရှင်ပြန် ထမြောက်ခဲ့သလို ဖိလစ်ပိုင်လူမျိုးတွေ အနေနဲ့လည်း လာဘ်ပေး လာဘ်ယူမှုကင်းဝေးနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ ပြန်လည် ရှင်သန်လာခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
XS
SM
MD
LG