သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး ဘရာဇီးလ်ကို ဆိုက်ရောက်


ပုပ်ရဟန်းမင်းကြီး ဖရန်စစ် (Francis) ဟာ သူ့ရဲ့ တပတ်ကြာခရီးစဉ်အဖြစ် ဘရာဇီးလ်နိုင်ငံကို ရောက်ရှိသွားပါပြီ။ ရိုမန်ကက်သလစ်ကျောင်းတော်ရဲ့ ၂၆၆ ပါးမြောက် ပုပ်ရဟန်းမင်းကြီးအဖြစ် မတ်လမှာ တာဝန်ထမ်းဆောင်ချိန်ကစပြီး လက်တင်အမေရိကတိုက်ကို တနင်္လာနေ့မှာပဲ ပထမဆုံးအကြိမ် ရောက်ရှိသွားတာဖြစ်ပါတယ်။
သက်တော် ၇၆ နှစ်ရှိပြီဖြစ်တဲ့ အာဂျင်တီးနားနိုင်ငံသား ပုပ်ရဟန်းမင်းကြီးဟာ လက်တင် အမေရိကန်နိုင်ငံတွေထဲက ပထမဆုံး ပုပ်ရဟန်းမင်းကြီးအဖြစ် ရွေးချယ်တင်မြှောက် ခြင်းခံရတာ လည်းဖြစ်ပြီး၊ အခုအခါ သူဟာ ကမ္ဘာမှာ ရိုမန်ကတ်သလစ် ဘာသာဝင်တွေ အများဆုံး နေထိုင်ရာ နိုင်ငံကို အလည်အပတ် သွားရောက်နေတာဖြစ်ပါတယ်။

အဲဒီမှာပဲ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေတုန်းက အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အကြီးအကျယ် ဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။ ယခင် ကာဒီနယ်ဘုန်းတော်ကြီး ဂျော့ဂျ် ဘာဂိုဂလီယို ကို ဘရာဇီးလ်သမ္မတ ဒယ်လ်မာ ရိုးဆက်ဖ် (Dilma Rousseff) က ကြိုဆိုခဲ့ပါတယ်။
အလုပ်ရှိခြင်းဟာ ဂုဏ်သိက္ခာကို အပ်နှင်းခံရခြင်းဖြစ်တယ်လို့ပြောဆိုပေမယ့် သူ့အနေနဲ့ ကမ္ဘာပေါ်မှာ အလုပ်လက်မဲ့လူငယ်တွေများလာနေ တာကို စိုးရိမ်တဲ့အကြောင်း၊ ရောမမြို့ကနေ ထွက်ခွာစဉ်မှာ ပုပ်ရဟန်းမင်းကြီးက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။
အသစ်အဆန်းတွေပေါ်မှာ အာရုံစိုက်လာတတ်တဲ့ ယဉ်ကျေးမှုတွေကြောင့် အသက်ကြီးသူတွေကို ပစ်ပယ်တတ်တဲ့ ယဉ်ကျေးမှုကို သူက ဝေဖန်ပြောဆိုပြီး၊ သက်ကြီးရွယ်အိုတွေကို ပစ်ပယ်မထား သင့်ကြောင်းလည်း သူကပြောပါတယ်။
ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ကို တွေ့ဆုံဖို့ ရီယိုဒီ ဂျနဲရိုးမြို့မှာ ကက်သလစ်ဘာသာဝင် လူငယ် တသန်းကျော် စုဝေးရောက်ရှိမယ်လို့ မျှော်လင့်ရပါတယ်။ သူ့ရဲ့ ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်း ကြီးဟာ ဒေသတွင်းရော၊ နိုင်ငံတော်ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံဖို့ရှိပြီး၊ ကြာသပတေးနေ့မှာ ကမ္ဘာ့လူငယ်များနေ့ အခမ်းအနားကိုလည်း တက်ရောက်မှာ ဖြစ်ပါတယ်။
XS
SM
MD
LG