ဖိလစ်ပိုင်နိုင်ငံမှာရောက်နေတဲ့ ပုပ်ရဟန်းမင်းကြီး Francis ဟာ နိုင်ငံအရှေ့ပိုင်းက ဟိုင်ယန်မုန်တိုင်းဒဏ် အကြီးအကျယ်ခံထားရတဲ့ Tacloban
မြို့ကို သွားရောက်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်တုန်းက လူပေါင်း ၇ သောင်းကျော်သေဆုံးခဲ့တဲ့ မုန်တိုင်းနဲ့ပါတ်သက်တဲ့ သတင်းတွေကို မြင်တွေ့ခဲ့ရပြီးနောက် ဖိလစ်ပိုင်ကို တနေ့သွားမယ်လို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီးကို မိုးထဲလေထဲမှာ လာတွေ့ကြတဲ့ ပြည်သူ ၁ သိန်းခွဲလောက်ကို
ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပါတယ်။
မုန်တိုင်းဒဏ်ကြောင့် ဖိလစ်ပိုင် ပြည်သူတွေထိခိုက်ခံစားကြရတာကို စာနာပါတယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပြီး သူတို့နဲ့အတူ ဆိတ်ငြိမ်တဲ့ နှလုံးသားနဲ့ ကြိတ်မှိတ်ခံစားပြီး အတူတွဲလျှောက်လှမ်းသွားမှာဖြစ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။
မုတ်သုန်မုန်တိုင်းချဉ်းကပ်လာတဲ့အတွက် ဟင်းလင်းပြင်ထဲမှာလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲအပြီး ပုပ်ရဟန်းမင်းကြီးဟာ သူ့ရဲ့ခရီးစဉ်ကို စောအဆုံးသပ်ပြီး Tacloban မြို့ကနေ ပြန်သွားခဲ့ပါတယ်။
တနင်္ဂနွေနေ့ကျရင်တော့ မနီလာမြို့တော်မှာ လူပေါင်းသန်းချီလာရောက်မယ်လို့ ခန့်မှန်းထားတဲ့ ဝတ်ပြုပွဲကို ပုပ်ရဟန်းမင်းကြီးက ဦးဆောင်ကျင်းပဖို့ ရှိပါတယ်။ ကြာသပတေးနေ့ကနေ တနင်္လာနေ့အထိဖိလစ်ပိုင်ကို ရောက်နေတဲ့ ပုပ်ရဟန်းမင်းကြီးက ဖိလစ်ပိုင်နိုင်ငံမှာ နှစ်ပေါင်းများစွာအခြေတည်လာတဲ့ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်ပြီး ဆင်းရဲမွဲတေမှုနဲ့ လူမှုရေးမညီမျှမှုပြဿနာတွေကို ဖြေရှင်းဖို့လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးလာရောက်နေတဲ့အတွက် မြို့တော်ထဲမှာ လုံခြုံရေးကိုလဲ အထူးတင်းကြပ်ထားပါတယ်။ အာရှကဆင်းရဲသားတွေ လူမှုအသိုင်းအဝိုင်း ပြင်ပရောက်နေသူတွေကို ထောက်ထားကြင်နာတယ်ဆိုတာကို ပြသဖို့အတွက် ပုပ်ရဟန်းမင်းကြီး Francis ဟာအာရှဒေသကို ဒုတိယအကြိမ် ရောက်ရှိ နေတာပါ၊ ဖိလစ်ပိုင်နိုင်ငံမတိုင်ခင်က သီရိလင်္ကာနိုင်ငံကို သွားရောက်ခဲ့ပြီး ပြည်တွင်းစစ်ဒဏ်ကို ဆယ်စုနှစ်နဲ့ချီခံခဲ့ရတဲ့ တမီးလ်ဒေသက ပြည်သူတွေကို သွားရောက်တေ့ွဆုံခဲ့ပါတယ်။