သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဟန ဆရာတော်ကြီးတွေနဲ့ ပုပ်ရဟန်းမင်းကြီးတွေ့ဆုံပွဲ


မဟန ဆရာတော်ကြီးတွေနဲ့ ပုပ်ရဟန်းမင်းကြီးတွေ့ဆုံ
မဟန ဆရာတော်ကြီးတွေနဲ့ ပုပ်ရဟန်းမင်းကြီးတွေ့ဆုံ

မြန်မာနိုင်ငံရောက်နေတဲ့ ပုပ်ရဟန်းမင်းကြီးနဲ့ ဗုဒ္ဓဘာသာဆရာတော်ကြီးတွေ တွေ့ဆုံပွဲမှာတော့ ဘာသာရေးကို အခြေခံတဲ့ အကြမ်းဖက်မှုတွေကို ဟန့်တားပြီး၊ ဘာသာရေးမှာ မေတ္တာတရားနဲ့ ငြိမ်းချမ်းရေးကို အခြေခံသွားကြဖို့ နှစ်ဖက် ဘာသာရေးခေါင်းဆောင်တွေ ကမိန့်ကြားခဲ့ကြပါတယ်။ မြန်မာနိုင်ငံကို လေးရက်ကြာခရီးစဉ်အဖြစ်ရောက်ရှိနေတဲ့ ကက်သလစ်ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီးဟာ နိုင်ငံတော်သံဃမဟာနာယက ဗုဒ္ဓဘာသာဆရာတော်ကြီးတွေနဲ့ ဒီကနေ့ နေ့လည်ပိုင်းက တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေသတင်းထောက် မမေခက သတင်းပေးပို့ထားတာပါ။

အမုန်းတရားကို ဟန့်တားပြီး အကြမ်းဖက်မှုမဖြစ်စေဖို့နဲ့ ငြိမ်းချမ်းရေးကို အခြေတည်ကာ မေတ္ထာရှေ့ထား ဆောင်ရွက် ကြဖို့ ဆရာတော်တွေက မိန့်ကြား သွားခဲ့ကြပါတယ်။

နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ ဥက္ကဌ ဗန်းမော်ဆရာတော်ကြီးက ဘာသာရေးကိုအခြေခံ အကြမ်းဖက်မှုဖြစ်စေတဲ့ အကြောင်းအရင်းနဲ့ အမုန်းစကားတွေ နဲ့ပတ်သတ်လို့ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတွေအနေနဲ့ ကြိုးစား ဟန့်တား ဆောင်ရွက်နေတာ တွေနဲ့ပတ်သတ်ပြီး အခုလိုမိန့်သွားပါတယ်။

“ယနေ့ကမ္ဘာတွင် ဘာသာရေးယုံကြည်မှုကို အမည်တပ်လျက် အစွန်းရောက်ဝါဒနှင့် အကြမ်းဖက်ဝါဒတို့ ပေါ်ထွန်းနေခြင်းမှာ လွန်စွာဝမ်းနည်းဖွယ်ကောင်းလှပါသည်။ ကိုးကွယ်ရာဘာသာများသည် လူသားကောင်းကျိုးချမ်းသာကို ညွှန်ပြကြသောကြောင့် အဆိုပါ အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒများသည် ဘာသာရေးယုံကြည်ကိုးကွယ်ကျင့်သုံးမှုကို အခြေခံသည်ဟာ ကျွန်ုပ်တို့ ယူဆလက်ခံခြင်းမရှိပါ။”

ပုပ်ရဟန်းမင်းကြီးကတော့ လတ်တလော မြန်မာနိုင်ငံမှာသာမက တကမ္ဘာလုံးမှာပါ လူသားတိုင်းဟာ တရားမ ျှတမှု ကို လိုအပ်နေကြတာမို့ ငြိမ်းချမ်းရေးကို ရှေးရှုနိုင်ဖို့ လိုအပ်နေတယ်လို့ မိန့်ခဲ့ပါတယ်။

“ငြိမ်းချမ်းရေးနဲ့ လူသားတိုင်းအတွက် တရားမျှတခြင်း လူ့ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားဖို့ တပည့်တော်တို့မှာ တာဝန်ရှိပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာသာမက တကမ္ဘာလုံးမှာ လိုအပ်နေတာပါ။”

ပုပ်ရဟန်းမင်းကြီးရဲ့ ခရီးစဉ်အတွင်း နိုင်ငံတကာ အသိုင်းအဝန်းက အာရုံစိုက်နေကြတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ပဋိပက္ခနဲ့ ပတ်သက်လို့ ပြောဆိုလိမ့်မယ်လို့လည်း အများက မျှော်လင့်နေကြပေမယ့် ပုပ်ရဟန်းမင်းကြီးက သူ့ရဲ့ မိန့်ခွန်းမှာ တိုက်ရိုက် ရည်ညွန်းပြောဆိုတာမျိုး မရှိခဲ့ပဲ သင့်မြတ်မှုတွေအတွက် ဝိုင်းဝန်းကြိုးပမ်းကြဖို့ တိုက်တွန်း သွားခဲ့တာဘဲ ရှိခဲ့ပါတယ်။

“ခေတ်ကာလတိုင်းမှာ လူသားတွေမှာ မတရားမှု ပဋိပက္ခဖြစ်မှု မညီမျှမှုတွေ ရင်ဆိုင်နေရပါတယ်။ တပည့်တော်တို့ခေတ်မှာ ဒါတွေဟာ ပိုပြီးတော့ များလာနေပါတယ်။ နည်းပညာတွေတိုးတက်လာသလို ပဋိပက္ခဖြစ်မှု ဆင်းရဲမွဲတေမှု ၊ ဖိနှိပ်မှု ဒဏ်ရာတွေလည်း ပိုများလာပါတယ်။ ဒီဒဏ်ရာတွေ ပျောက်ကင်းဖို့က သနားကျင်နာခြင်းနဲ့ မေတ္တာတရား အခြေခံပြီးတော့ အပြန်အလှန်နားလည်မှုနဲ့ လေးစားမှုက ပိုအရေးကြီးပါတယ်။”

ကိုးကွယ်ယုံကြည်သူတွေကို လမ်းညွှန်ပြသနိုင်ဖို့အတွက်က သက်ဆိုင်ရာဘာသာဝင် အကြီးအကဲတွေက လမ်းညွှန်ရမှာဖြစ်ကြောင်းလည်း နိုင်ငံတော်သံဃမဟာနာယ ဥက္ကဌ ဗန်းမော်ဆရာတော်ကြီးက လမ်းညွှန်သွားပါတယ်။

“ကိုးကွယ်ရာဘာသာအယူဝါဒ၏ မူရင်းသင်ကြားချက်များကို ကိုးကွယ်သူတို့က မိမိတို့၏ ဆန္ဒ၊ ဒေါသ။ ဘယာ၊ မောဟဟူစော အဂတိတရားတို့နှင့် ရောနှောလျက် ပြုပြင်ဖန်တီးကြသောကြောင့်သာလျှင် အကြမ်းဖက်မှုနှင့် အစွန်းရောက်မှုတို့ ဖြစ်ပေါ်လာရသည်ဟာ ကျနု်ပ်တို့ ယုံကြည်ထားပါသည်။”

ပုပ်ရဟန်းမင်းကြီး ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ နိုဝင်ဘာလ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့ထိ ၄ ရက်ကြာမြင့်မှာဖြစ်ပြီး နိုင်ငံတော်အကြီးအကဲတွေအပါအဝင် ဘာသာပေါင်းစုံက ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခဲ့သလို လူပေါင်းထောင်နဲ့ချီ တက်ရောက်တဲ့ပုပ်ရဟန်းမင်းကြီးရဲ့ ဝတ်ပြုဆုတောင်းပွဲအခမ်းအနားကို ရန်ကုန်မြို့မှာ ဒီကနေ့ ကျင်းပခဲ့ပါတယ်။

ဒီမြန်မာခရီးစဉ်နောက် ကြာသပတေးနေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက် ထွက်ခွာမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG