သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယုံကြည်ချက်အတိုင်းရပ်တည်ပြောဆိုဖို့ လူငယ်တွေကို ပုပ်ရဟန်းတိုက်တွန်း


လူငယ်တွေ အနေနဲ့ သူတို့ ယုံကြည်ရာကို နုတ်ဆိတ် မနေဘဲ ယုံကြည်ချက် အပေါ် မားမားမတ်မတ် ရပ်တည်ကြဖို့ ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis က အားပေးတိုက်တွန်းလိုက်ပါတယ်။

လူငယ်တွေ ဦးဆောင်ခဲ့ကြတဲ့ အမေရိကန် ပြည်ထောင်စုမှာ သေနတ်ကိုင်ဆောင်ခွင့် ပိုပြီး တင်းကျပ် ထိန်းချုပ်ရေး ဆန္ဒပြ တောင်းဆိုခဲ့ကြပြီး နောက်တနေ့ ဒီကနေ့ ကျရောက်တဲ့ Palm Sunday ဟောကြားချက်မှာ ပုပ်ရဟန်းမင်းကြီး က အခုလို ထည့်သွင်း ဟောကြားသွားတာ ဖြစ်ပါတယ်။

ရိုမန်ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီးက ဆန္ဒပြပွဲကို တိုက်ရိုက် ရည်ညွှန်းမိန့်ကြားခဲ့တာ မဟုတ်ပေမယ့်လည်း လူငယ်တွေမှာ ထုတ်ဖော် ပြောဆိုခွင့် နဲ့ ပတ်သက်လို့ ဟောကြားခဲ့တာပါ။ ခေါင်းဆောင်တွေ၊ လူကြီးတွေ ဘက်က ပြောသင့်တာကို မပြောဘဲ နုတ်ဆိတ်နေကြမယ်ဆိုရင်တောင် လူငယ်တွေ အနေနဲ့ နုတ်ဆိတ် မနေကြဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းသွားတာပါ။

သေနတ်သမား လက်ချက်နဲ့ ၁၇ ဦး သေဆုံးခဲ့ရတဲ့ ဖလော်ရီဒါ ပြည်နယ်က အထက်တန်းကျောင်းက ဆယ်ကျော်သက် တက်ကြွလှုပ်ရှားသူတွေ ဦးဆောင်မှုနဲ့ March for Our Lives - အသက်ရှင်ရေး အတွက် ချီတက်ပွဲ ကို ကမ္ဘာတဝန်းမှာ ပြုလုပ်ခဲ့ကြတာပါ။ Palm Sunday ကိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က ဂျေဇူး ခရစ်တော် ဂျေရုစလမ်ကို ကြွချီလာတယ်ဆိုတဲ့ အထိမ်းအမှတ်နဲ့ ယုံကြည်ချက်နဲ့ ကျင်းပကြတာ ဖြစ်ပြီး ဒီ Palm Sunday က ခရစ်ယာန်တို့ရဲ့ Easter သတင်းပတ် အစလည်း ဖြစ်ပါတယ်။ ဒီနှစ် ကျရောက်တဲ့ Palm Sunday ကတော့ ကမ္ဘာ့ လူငယ်များနေ့နဲ့လည်း တိုက်ဆိုင်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG