အီတလီနိုင်ငံ ရောမမြို့မှာ ကြာသပတေးနေ့က စာအိတ်ဗုံးနဲ့ တိုက်ခိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပြီးတဲ့နောက် လုံခြုံရေးအဆင့် တိုးမြှင့်ထားတဲ့ကြားကပဲ ခရစ္စမတ်ပွဲတော်အကြိုကာလမှာ ပုပ်ရဟန်းမင်းကြီး Benedict က ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ကြဖို့ နှိုးဆော်လိုက်ပါတယ်။ ဗာတီကန်မြို့တော် Saint Peter’s Basilica မှာ ကျင်းပတဲ့ ညလယ်ခေါင် ဆုတောင်းပွဲကို ပရိသတ်ထောင်ပေါင်းများစွာ တက်ရောက်ခဲ့ကြပြီး အဲဒီဝတ်ပြုဆုတောင်းပွဲမှာ လုံခြုံရေး တင်းကျပ်ထားခဲ့ပါတယ်။
ဂရိတ်လိက် (Great Lake)၊ ဆိုမားလီးယား (Somalia)၊ အိုင်ဗရီကို့စ် (Ivary Coast)၊ ဒါဖော (Darfur) နဲ့ အာဖရိကဒေသ အပါအ၀င် ပဋိပက္ခရှိနေတဲ့ ဒေသတွေရဲ့ ငြိမ်းချမ်းရေးအတွက် ပုပ်ရဟန်းမင်းကြီးက ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။
မနှစ်က ၀တ်ပြုဆုတောင်းပွဲတော် ကျင်းပနေစဉ်အတွင်း စိတ်ရောဂါဝေဒနာရှင် အမျိုးသမီးတဦးက လုံခြုံရေး အစောင့်အကျပ်တွေကို ဖြတ်ကျော်ပြီး ပုပ်ရဟန်းမင်းကြီးကို မြေပေါ်တွန်းလှဲချဖို့ ကြိုးစားခဲ့ပါတယ်။ ကြာသပတေးနေ့က ရောမမြို့မှာရှိတဲ့ နိုင်ငံခြားသံရုံး ၂ ခုမှာ ပေါက်ကွဲခဲ့တဲ့ စာအိပ်ဗုံးကြောင့် လူ ၂ ယောက် ဒဏ်ရာရခဲ့ပြီး တဦးကတော့ ဒဏ်ရာပြင်းထန်တယ်လို့ သိရပါတယ်။
ဆွီဒင်နဲ့ ချီလီသံရုံးတွေမှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ Anarchist အုပ်စုက ပြောပါတယ်။ မကြာသေးခင်က အီတလီလူမျိုး Anarchist အုပ်စုတခုရဲ့ အဖွဲ့ဝင်တယောက်ကို ဆွစ်ဇာလန်နိုင်ငံက ဖမ်းဆီးခဲ့ပြီး တခြား အဖွဲ့ဝင်တယောက်ကတော့ ချီလီဗုံးပေါက်ကွဲမှုမှာ သေဆုံးခဲ့ရလို့ ဒီသံရုံး ၂ ခုကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာ ဖြစ်နိုင်တယ်လို့ အီတလီပြည်ထဲရေး ၀န်ကြီးဌာနက ပြောပါတယ်။