ပုပ်ရဟန်းမင်းကြီး Francis ဟာ တနင်္ဂနွေနေ့ ဝတ်ပြုဆုတောင်းမှုအတွင်း ပဋိပက္ခတွေဖြစ်နေတဲ့ မြန်မာအပါအဝင် ယူကရိန်း ပါလက်စတိုင်း အစ္စရေးနဲ့ တောင်ဆူဒန် နိုင်ငံအတွက် ဆုမွန်တောင်းပေးခဲ့ပါတယ်။
အပစ်အခတ်ရပ်စဲကြဖို့နဲ့ အငြင်းပွားမှုတွေကို စေ့စပ်ဖြေရှင်းကြဖို့ကိုလည်း ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းပြောဆိုသွားပါတယ်။ လူပေါင်း နှစ်ရာကျော်သေဆုံးပြီး အတော်များများ ပျောက်ဆုံးနေတဲ့ စပိန်နိုင်ငံ ရေလွှမ်းမိုးမှုကြောင့် ဒုက္ခအတိရောက်နေတဲ့ ပြည်သူတွေအတွက်လည်း ပုပ်ရဟန်းမင်းကြီးက ဆုမွန်တောင်းပေးပါတယ်။
ပုပ်ရဟန်းမင်းကြီးဟာ မြန်မာနိုင်ငံအခြေအနေကို မမေ့ကြဖို့ မကြာခဏဆိုသလို သတိပေးဆော်ဩလေ့ရှိသလို၊ ပဋိပက္ခအတွင်းက မြန်မာပြည်သူတွေနဲ့ ရိုဟင်ဂျာအရေးကိစ္စတွေကို မကြာမကြာ မီးမောင်းထိုးပြောဆိုလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းကလည်း အကျဉ်းကျနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဗာတီကန်မှာ ခိုလှုံခွင့်ပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့ပါတယ်။
ပုပ်ရဟန်းမင်းကြီးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားနဲ့ အီတလီနိုင်ငံ ရောမမြို့တော်မှာ တွေ့ဆုံခဲ့စဉ်ကလည်း ဗာတီကန်မှာ လာရောက်ခိုလှုံမယ်ဆိုရင် လက်ခံမယ့်လို့ ကမ်းလှမ်းခဲ့ကြောင်းတွေကို အာရှက Jesuits ခရိယာန်ဘုန်းတော်ကြီးတွေကို ပြောပြခဲ့တယ်လို့ သိရပါတယ်။
ပုပ်ရဟန်းမင်းကြီးနဲ့ အာရှက ခရစ်ယာန်ဘုန်းတော်ကြီးတွေ တွေ့ဆုံစဉ် ပုပ်ရဟန်းမင်းပြောဆိုခဲ့တာတွေကို အီတလီဘုန်းတော်ကြီးတပါးက ကောက်နုတ်ဖော်ပြခဲ့တာဖြစ်ပြီး၊ မြန်မာနိုင်ငံအခြေအနေကို ဒီအတိုင်း နှုတ်ပိတ်ကြည့်နေလို့ မရကြောင်းနဲ့ တခုခုလုပ်ရမှာဖြစ်ကြောင်းလည်း ပုပ်ရဟန်းမင်းကြီးက မှာကြားခဲ့တယ်လို့ဆိုပါတယ်။
Forum