သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာခရီးစဉ်အတွင်း ရိုဟင်ဂျာလို့ မသုံးတဲ့အပေါ် ပုပ်ရဟန်းမင်းရဲ့ရှင်းချက်


 မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်တွေကနေ ပြန်လာခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် လေယာဉ်ပေါ်က သတင်းစာရှင်းလင်း
 မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်တွေကနေ ပြန်လာခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ် လေယာဉ်ပေါ်က သတင်းစာရှင်းလင်း

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က သူပြောချင်တဲ့စကားကို မြန်မာ အရပ်ဖက်နဲ့ စစ်ခေါင်းဆောင်တွေ လက်ခံနိုင်ဖို့အတွက် မြန်မာနိုင်ငံခရီးစဉ်အတွင်း ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်ကို သုံးစွဲပြောဆိုတာမျိုး မလုပ်ခဲ့တာဖြစ်တယ်လို့ မိန့်ကြားလိုက်ပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်တွေကနေ ဗာတီကန်နန်း တော်ကို စနေနေ့ က ပြန်လည်ရောက်ရှိလာတဲ့ ပုပ်ရဟန်းမင်းကြီးက တနင်္ဂနွေနေ့ လူထုဝတ်ပြုဆုတောင်းပွဲ အခမ်းအနားအတွင်းမှာလည်း သူသွားရောက်ခဲ့တဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံက ပြည်သူအားလုံးကို ကျေးဇူးတင်ကြောင်း မိန့်ကြားခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ပြမှာပါ။

ရက်သီတင်းတပတ်ကြာ သွားရောက်ခဲ့တဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် သာသနာပြုခရီးစဉ်နဲ့ပတ်သက်လို့ တနင်္ဂနွေနေ့က ဗာတီကန်နန်းတော်မှာကျင်းပတဲ့ လူထုဝတ်ပြုဆုတောင်းပွဲအခမ်းအနားမှာ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်က အခုလို မိန့်ကြားခဲ့ပါတယ်။

"မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကိုသွားခဲ့တဲ့ သာသနာပြုခရီးစဉ်ကနေ ပြန်လည်ရောက်ရှိခဲ့ပါပြီ။ ခရီးစဉ်အတွက် ဆုတောင်းပေးခဲ့ကြသူတွေကို ကျေးဇူးတင်မိကြောင်း ပြောကြားလိုပါတယ်။ အဲဒီမှာရှိတဲ့လူထုတွေနဲ့ တွေ့ဆုံဖို့၊ ကက်သလစ် အသိုင်းအဝိုင်း အားလုံးနဲ့ သူတို့တွေရဲ့ ပြောဆိုချက်တွေကိုကြားရဖို့ အခွင့်အခါကို ပြုလုပ်ပေးတဲ့ ဘုရားသခင်ရဲ့ ကျေးဇူးတော်အောင်းမေ့မှုမှာ မိမိနဲ့အတူ လူတိုင်း ပါဝင်ဖို့ ဆန္ဒပြုပါတယ်။ မြင့်မြတ်ဖြူစင်တဲ့ အပြုံးတွေနဲ့ လူအများရဲ့ မျက်နှာတွေကို ဘဝတခုလုံးအမှတ်ရ ထင်ဟင်နေစေမှာဖြစ်ပါတယ်။ သူတို့တွေအားလုံးအတွက် မိမိရဲ့ နှလုံးသားနဲ့ အတူဆုတောင်းပေးနေမှာပါ။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ပြည်သူတွေကို ကျေးဇူးတင်ပါတယ်။"

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ သြဂုတ်လကမြန်မာလုံခြုံရေးတပ်တွေ နယ်မြေရှင်းလင်းမှုကြောင့် ရိုဟင်ဂျာ ဒုက္ခသည်အများအပြား တဖက် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ ပုပ်ရဟန်းမင်းကြီး ဟာ သူရဲ့ လေးရက်ကြာ မြန်မာနိုင်ငံခရီးစဉ်အတွင်းလူထုရှေ့ မှောက်မိန့်ခွန်းပြောကြားရာမှာ တိုက်ရိုက် ထုတ်ဖေါ်ပြောဆိုခြင်းမရှိသလို ရိုဟင်ဂျာ ဆိုတဲ့ အခေါ်အဝေါ်ကိုလည်း သုံးစွဲခဲ့ခြင်းမရှိပါဘူး။ ဒါနဲ့ ပတ်သက်လို့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်ကို နိုင်ငံတကာအသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုခဲ့တာပါ။ သူ့အနေနဲ့ ဘာကြောင့် ဒီအခေါ်အဝေါ်ကို မြန်မာနိုင်ငံမှာ သုံးစွဲခြင်းမပြုခဲ့သလဲဆိုတာကို စနေနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေထွက်ခွာစဉ် လေယာဉ်ပေါ်မှာ ပုပ်ရဟန်းမင်းကြီးက သတင်းထောက်တွေကို အခုလို မိန့်ကြားခဲ့ပါတယ်။

"မိမိပြောကြားမယ့်စကား လက်ခံဖို့ အဓိကစိတ်ဝင်စားပါတယ်။ တကယ်လို့ ဒီအသုံးအနှုန်းကို မိမိရဲ့ မိန့်ခွန်းမှာ ခေါ်ဝေါ်သုံးစွဲမယ်ဆိုရင် အခွင့်အလမ်းတွေ ပိတ်သွားဖို့ရှိခဲ့ပါတယ်။ ဒါပေမယ်လို့ အဲဒီက အခြေအနေတွေ၊ အခွင့်အရေးဆိုင်ရာတွေပါအဝင် နိုင်ငံသားဖြစ်ခွင့်မှာ ဘယ်သူကိုမှ ချန်လှပ်မထားသင့်ဘူးလို့ မိမိပြောခဲ့ပါတယ်။ သီးသန့် တွေ့ဆုံးဆွေးနွေးပွဲတွေမှာတော့ ဒီထက်မက ပြောခွင့်ရခဲ့ပါတယ်။ ဆွေးနွေးပြောဆိုခွင့်တွေရခဲ့တာအတွက် သိပ်ကို ကျေနပ်မိပါတယ်။"

နိုဝင်ဘာလ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့ထိ ကြာမြင့်တဲ့ မြန်မာနိုင်ငံခရီးစဉ်မှာ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်ကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သံတမန်ရေး လုပ်ထုံးလုပ်နည်းကိုကျော်ပြီး အရင်ဆုံးသွားရောက်တွေ့ဆုံခဲ့တဲ့အပေါ်မှာ လူအများက ဝေဖန်ခဲ့ကြပါတယ်။ ဒီတွေ့ဆုံမှုကို မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘက်က မေတ္တာရပ်ခံတောင်းဆိုခဲ့တဲ့အတွက် ပုပ်ရဟန်းမင်းကြီးက တုန့်ပြန်လက်ခံခဲ့တာဖြစ်တယ်လို့ နိုဝင်ဘာလ ၂၉ ရက်နေ့က ရန်ကုန်မြို့မှာကျင်းပတဲ့ ပုပ်ရဟန်းမင်းကြီး ခရီးစဉ်သတင်းစာရှင်းလင်းပွဲအတွင်း မြန်မာနိုင်ငံ ကက်သလစ် ဘာသာဝင်အသင်း တာဝန်ရှိသူတဦးက တုန့်ပြန် ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီးဖရန့်စစ်စ်ဟာ ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲခြင်းမပြုခဲ့ပေမယ့် သူရဲ့ သုံးရက်ကြာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခရီးစဉ်မှာတော့ မြို့တော်ဒါကာမှာ သောကြာနေ့က ရိုဟင်ဂျာ ဒုက္ခသည်တချို့နဲ့ တွေ့ဆုံပြီး သူတို့ကို စာနာလေးစားမှုပြသတဲ့အနေနဲ့ ရိုဟင်ဂျာလို့ အာရှခရီးစဉ်အတွင်း ပထမဆုံး ခေါ်ဝေါ် မိန့်ကြားခဲ့ပါတယ်။

"ဒီကနေ့ ဘုရားသခင်ရှေ့မှောက်ရောက်လာသူတွေကို ရိုဟင်ဂျာလို့လဲ ခေါ်ပါတယ်ဆိုပြီး ပုပ်ရဟန်းမင်းကြီး မိန့်ကြားခဲ့တာဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ ရိုဟင်ဂျာဒုက္ခသည် အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ၂ ဦးနဲ့ မိန်းကလေး ၂ ဦး စုစုပေါင်း ၁၆ ဦးနဲ့ တွေ့ဆုံရာမှာ သူတို့အပေါ် ညှမ်းပန်းနှိပ်စက်မှုတွေအတွက် ခွင့်လွှတ်မှုပေးဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းခဲ့သလို၊ သူတို့အတွက် လူသားဆိုင်ရာ အခွင့်အရေး အပြည့်အဝရဖို့ လိုအပ်နေကြောင်း ပုပ်ရဟန်းမင်းကြီးက အသိအမှတ်ပြု တောင်းဆိုခဲ့ပါတယ်။"

ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တွေ့ဆုံရာမှာ သူ့အနေနဲ့ အလွန်အင်မတန်မှ စိတ်ထိခိုက်မိကြောင်းလည်း ဘင်္ဂလားဒေ့ရှ်ကနေ ပြန်လည်ထွက်ခွာချိန် လေယာဉ်ပေါ်မှာ သတင်းထောက်တွေကို ပုပ်ရဟန်းမင်းကြီးက အခုလိုမိန့်ကြားခဲ့ပါတယ်။

"အဲဒီအချိန်က မိမိအနေနဲ့ မျက်ရည်ကျမိပြီး ဒီမျက်ရည်တွေ သူတို့ မမြင်အောင် ဖုန်းကွယ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒုက္ခသည်တွေလည်း မျက်ရည်ကျခဲ့ကြပါတယ်။"

အခုလို ကမ္ဘာ့လူသားချင်းဆိုင်ရာ အကျပ်အတည်း အကြီးမားဆုံးဖြစ်လာနေတဲ့ ရိုဟင်ဂျာဒုက္ခသည်အရေးနဲ့ ပတ်သက်လို့ အကြောင်းအရင်းကို ဖြေရှင်းနိုင်ရေး နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်ဖို့နဲ့ ဒါကိုလက်ခံဖြေရှင်းနေတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကိုနိုင်ငံတကာအစိုးရတွေအနေနဲ့ အကူအညီတွေ အမြန်ဆုံးပံပိုးပေးဖို့ သူရဲ့ ဘင်္ဂလားဒေ့ရှ်ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်စ်က မိန့်ကြားခဲ့ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ဆက်လက်ရောက်ရှိနေဆဲဖြစ်ပြီး အခုနောက်ဆုံးကိန်းဂဏန်းအရ သြဂုတ်လောက်နောက်ပိုင်း ထွက်ပြေးလာတဲ့ ဒုက္ခသည်ဦးရေဟာ ၇၀၀,၀၀၀ သိန်းလောက်ရှိသွားပြီဖြစ်ကြောင်း ကုလသမဂ္ဂ သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG