သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းငြိမ်းချမ်းရေး ရုရှားစေတနာမှန်ဖို့ ပုပ်ရဟန်းမင်းတိုက်တွန်း


စစ်ဘေးဒဏ်သင့်နေတဲ့ ယူကရိန်းနိုင်ငံအရှေ့ပိုင်းကို ငြိမ်းချမ်းရေးရရှိအောင် ကြိုးပမ်းရာမှာ ရုရှားအနေနဲ့ စေတနာနဲ့ လုပ်ဆောင်ပါလို့ အလည်အပတ်ရောက်ရှိနေတဲ့ ရုရှားသမ္မတ Vladimir Putin ကို ပုပ်ရဟန်းမင်းကြီး Francis က တိုက်တွန်းလိုက်ပါတယ်။

၁၄ လ ကြာမြင့်ပြီဖြစ်တဲ့ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသူပုန်တွေနဲ့ ယူကရိန်းအစိုးရတို့အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကို အဆုံးသတ်သွားအောင် အထူးအရေးစိုက်ပြီး ကြိုးပမ်းဆောင်ရွက်ပေးပါလို့ ဗုဒ္ဓဟူးနေ့က တနာရီအကြာ တွေ့ဆုံရာမှာ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းလိုက်ကြောင်း ဗာတီကန်နန်းတော်က ထုတ်ပြန်တဲ့ကြေညာချက်မှာ ရေးသားထားပါတယ်။ တိုက်ပွဲတွေအတွင်း လူပေါင်း ၆၅၀၀ နီးပါး သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ရုရှား၊ ယူကရိန်း၊ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတို့ ရရှိထားတဲ့ Minsk အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ပါဝင်သူတွေ အားလုံးအနေနဲ့ လိုက်နာဆောင်ရွက်ဖို့နဲ့ ဆွေးနွေးညှိနှိုင်း စကားပြောဆိုနိုင်အောင် ဖန်တီးလုပ်ဆောင်တာဟာ အရေးပါတဲ့အကြောင်း ခေါင်းဆောင် ၂ ဦးအနေနဲ့ သဘောတူခဲ့ကြတယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ နိုင်ငံတကာ လေ့လာစောင့်ကြည့်သူတွေကတော့ Minsk အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အမြဲတမ်း ဖောက်ဖျက်နေကြတာပဲလို့ ပြော ဆိုကြပါတယ်။

ရုရှားအစိုးရကတော့ ခွဲထွက်ရေးသူပုန်တွေကို လက်နက်ထောက်ပံ့တာ၊ နယ်စပ်ကိုကျော်ပြီးတော့ ရုရှားစစ်သားတွေ စေလွှတ်နေတယ်ဆိုတဲ့ စွတ်စွဲချက်တွေကို ထပ်ခါတလဲလဲ ငြင်းဆိုခဲ့ပါတယ်။ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက စစ်ပွဲမှာ ဖမ်းဆီးရမိတဲ့ ရုရှားစကားပြောတဲ့ စစ်သားတွေဟာ ဆိုရင်လည်း သူတို့ဆန္ဒအလျောက် သွားပြီးစစ်တိုက်နေကြသူတွေလို့ ရုရှားက အလေးအနက် ပြောနေပါတယ်။

XS
SM
MD
LG