သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး သီရိလင်္ကာရောက်


ပုပ်ရဟန်းမင်းကြီး Francis ဟာ အခု သီရိလင်္ကာနိုင်ငံမှာ ရောက်ရှိနေပြီ ဖြစ်ပါ တယ်။ စစ်ဒဏ်ကြောင့် ပျက်စီးနေတဲ့ သီရိလင်္ကာမြောက်ပိုင်းက ခရစ်ယာန်ဘုရားကျောင်းမှာ ကျင်းပတဲ့ ဝတ်ပြုဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီးက စည်းလုံးညီညွတ်ကြဖို့နဲ့ ခွင့်လွှတ်သည်းခံကြဖို့ မိန့်ကြားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က Our Lady of Madhu ဘုရားကျောင်းမှာ ကျင်းပတဲ့ ဝတ်ပြုဆုတောင်းပွဲကို နိုင်ငံတလွှားက ဘာသာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ လူပေါင်း ထောင်သောင်းချီပြီး လာရောက်ကြတာ ဖြစ်ပါတယ်။

ဒါဟာ သီရိလင်္ကာမြောက်ပိုင်းက တမီးလ်အများစုနေထိုင်ရာ ဒေသကို ပုပ်ရဟန်းမင်းကြီး ပထမအကြိမ် ကြွရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဒေသဟာ သီရိလင်္ကာနိုင်ငံမှာ လွတ်လပ်ရေးအတွက် နှစ်ပေါင်း ၂၅ နှစ်ကြာ လက်နက်ကိုင်တွေ တိုက်ပွဲဝင်ခဲ့တဲ့ နေရာလည်း ဖြစ်ပါတယ်။

တောတောင်ထဲမှာ တည်ထားတဲ့ ဒီခရစ်ယာန်ဘုရားကျောင်းမှာ ပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီး Francis က လူပေါင်း ၁ သိန်းလောက်ကို သေဆုံးစေခဲ့တဲ့ ဒီစစ်ပွဲဟာ သီရိလင်္ကာ နိုင်ငံသားတွေရင်ကို ကွဲစေတာမို့ ဒါဟာ စစ်ပွဲရဲ့ မကောင်းဆိုးရွားမှုဖြစ်ကြောင်း ရှုတ်ချ မြွက်ကြားခဲ့ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ ကိုလံဘိုမြို့မှာ ရှိနေစဉ်အတွင်း ကျင်းပတဲ့ ဝတ်ပြုဆုတောင်းပွဲမှာ ဘုန်းတော်ကြီး Joseph Vaz ကို Saint ရဟန်းအဖြစ် ချီးမြှောက်ခဲ့ပါတယ်။ သီရိလင်္ကာနိုင်ငံရဲ့ ပထမဆုံးရဟန်းဖြစ်တဲ့ ဘုန်းတော်ကြီး Joseph က ငြိမ်းချမ်းရေးအတွက် ဘာသာပေါင်းစုံ ပါဝင်ရေးဟာ အရေးကြီးကြောင်းကို သင်ပြပေးမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ဘာသာရေး လွတ်လပ်ခွင့်ဟာ အခြေခံ လူ့အခွင့်အရေးတရပ်ဖြစ်ပြီး လူတိုင်း ကိုယ်ယုံကြည်ရာကို ကိုးကွယ်ခွင့် ရှိတယ်လို့လည်း ဟောကြားခဲ့ပါတယ်။

XS
SM
MD
LG