သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေး တင်းကျပ်မှုနဲ့ အကြမ်းဖက် ဝါဒ အဆုံးသတ်ဖို့ ပုပ်ရဟန်းမင်း တောင်းဆို


ပုပ်ရဟန်းမင်းကြီး Francis နဲ့ အစ္စလာမ် ဘာသာရေး ခေါင်းဆောင် Mehmet Gormez တွေ့ဆုံစဉ်။ (နိုဝင်ဘာ ၂၈၊ ၂၀၁၄)
ပုပ်ရဟန်းမင်းကြီး Francis နဲ့ အစ္စလာမ် ဘာသာရေး ခေါင်းဆောင် Mehmet Gormez တွေ့ဆုံစဉ်။ (နိုဝင်ဘာ ၂၈၊ ၂၀၁၄)

ဘာသာရေး ကိုးကွယ်သူတိုင်းဟာ အခွင့်အရေးတွေ တန်းတူရှိကြတယ်ဆိုတဲ့ ခံယူချက်ကို ကိုင်ဆွဲပြီး ကိုးကွယ်တဲ့ ဘာသာအချင်းချင်းကြား ပိုမိုကျယ်ပြန့်တဲ့ အခြေအတင်ဆွေးနွေးမှုကတဆင့် အစွန်းရောက်မှုနဲ့ အကြမ်းဖက်မှုကို အဆုံးသတ်ဖို့ ပုပ်ရဟန်းမင်းကြီး Francis တိုက်တွန်းခဲ့ပါတယ်။

တူရကီဝန်ကြီးချုပ် Recep Tayyip Erdogan နဲ့ Ankara မြို့မှာ သောကြာနေ့ ကတွေ့ဆုံပြီးနောက် ဆီးရီးယားနဲ့ အီရတ်နိုင်ငံက ခရစ်ယာန်တွေ အခြား လူနဲစု ဘာသာဝင်တွေအပေါ် IS တွေ တိုက်ခိုက်နေတာကို ပုပ်ရဟန်းမင်းက ပြစ်တင် ရှုံ့ချလိုက်ပါတယ်။ ဒုက္ခသည် ၁.၆ သန်းကို တူရကီနိုင်ငံမှာ ခိုလှုံခွင့်ပေးထားတဲ့အပေါ်မှာလည်း ကျေးဇူးတင်တယ်လို့ ပုပ် Francis ကပြောပါတယ်။

အကြမ်းဖက် စစ်သွေးကြတွေက သူတို့ နယ်မြေဆိုပြီး ကြေညာထားတဲ့ တူရကီတောင်ဘက် နယ်စပ်က တိုက်ပွဲတွေနဲ့ အကြမ်းဖက် ရက်စက်မှုတွေကြောင့် ဒီဒုက္ခသည်တွေဟာ တူရကီဖက်ကို ခိုလှုံလာတာပါ။ ဒီဒုက္ခသည်တွေကို ကူညီနေသူတွေကို နိုင်ငံတကာအနေနဲ့လည်း ဝိုင်းဝန်း အထောက်အပံ့တွေပေးဖို့ ပုပ်ရဟန်းမင်းက ပြောဆိုခဲ့ပါတယ်။

ထိပ်တန်း အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တဦးဖြစ်သူ Mehmet Gormez နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဘာသာရေးကို အကြောင်းပြပြီး အကြမ်းဖက် တိုက်ခိုက်မှုကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချသင့်တယ်လို့ ဒီလိုတွေ့ဆုံမှု အပြီး ပုပ်ရဟန်းမင်းက ပြောပါတယ်။

တူရကီနိုင်ငံကို တည်ထောင်သူ Mustafa Kemal Ataturk ရဲ့ အထိမ်းအမှတ် ဂူဗိမာန်ကိုလည်း ပုပ်ရဟန်းမင်း သွားရောက်ပြီး ပန်းခွေချခဲ့ပါတယ်။ ကမ္ဘာ့ Orthodox ခရစ်ယာန် ဘာသာရေးခေါင်းဆောင် Patriarch Bartholomew ကို ပုပ် Francis သွားရောက် တွေ့ဆုံမှာဖြစ်ပါတယ်။

XS
SM
MD
LG