သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုပ်ရဟန်းမင်းကြီး တပ်ချုပ်နဲ့တွေ့ဆုံမည်


Pope Francis arrives to lead his Wednesday general audience in Saint Peter's square at the Vatican, Nov. 15, 2017.
Pope Francis arrives to lead his Wednesday general audience in Saint Peter's square at the Vatican, Nov. 15, 2017.

ကက်သလစ်ခရစ်ယာန် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး Francis ရဲ့ ရှေ့သီတင်းပတ် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ပါ တွေ့ဆုံမှာဖြစ်ကြောင်း ဗာတီကန်ကျောင်းတော်က ဒီကနေ့ပဲ ကြေညာလိုက်ပါတယ်။

ကာကွယ်ရေးဦးစီးချုပ်နဲ့ ရန်ကုန်မြို့မှာ သီးသန့်တွေ့ဆုံမှာ ဖြစ်ကြောင်း ဗာတီကန်ကျောင်းတော် ပြောခွင့်ရပုဂ္ဂိုလ် Greg Burke က သတင်းထောက်တွေကို အတည်ပြုပြောဆိုလိုက်တာပါ။

နိုဝင်ဘာ ၂၆ ရက် တနင်္ဂနွေနေ့ကနေ ၃၀ ရက်နေ့အထိ ပုပ်ရဟန်းမင်းကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရ အဆင့်မြင့် တာဝန်ရှိသူတွေ၊ ဘာသာရေးခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံမှာဖြစ်ကြောင်း အစောပိုင်းမှာ သတင်းထုတ်ပြန်ထားပြီး မြန်မာစစ်တပ် အကြီးအကဲနဲ့ တွေ့ဆုံမယ့် အစီအစဉ်ကို အခုနောက်ဆုံးထပ်မံအတည်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ပိုင်းက ကင်းစခန်း ၃၀ လောက်ကို အကြမ်းဖက် စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက ရှင်းလင်းရာက နောက်ဆက်တွဲ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ထွက်ပြေးတဲ့အထိ ဖြစ်ခဲ့တဲ့အပေါ် စိုးရိမ်ပူပမ်တဲ့ သဘောထားတွေ ပြောဆိုထားတဲ့ ပုပ်ရဟန်းမင်းကြီးဟာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဒီကိစ္စကို အလေးထား ပြောဆိုမယ်လို့ မျှော်လင့်နေကြတာပါ။

ဒါပေမဲ့လည်း မြန်မာနိုင်ငံကို ရောက်ရှိစဉ် အငြင်းပွားစရာ ဖြစ်နေရတဲ့ ရိုဟင်ဂျာ ဆိုတဲ့ အမည်ကို မသုံးနှုန်းဖို့ ပုပ်ရဟန်းမင်းကြီးကို တိုက်တွန်းထားကြောင်း ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ် ရဟန်းအမတ် ကာဒီနယ် ချားလ်စ်မောင်ဘိုက ခရီးစဉ်မတိုင်မီမှာပဲ ပြောဆိုထားပါတယ်။ အချေအတင် ပြောစရာလည်းဖြစ်၊ စစ်တပ်၊ အစိုးရနဲ့ မြန်မာလူထုကလည်း လက်မခံတဲ့ ရိုဟင်ဂျာ ဆိုတဲ့ စကားလုံးကို မသုံးဖို့ တိုက်တွန်းထားကြောင်း ကာဒီနယ် ချားလ်စ်မောင်ဘိုက Reuters သတင်းဌာနနဲ့ မေးမြန်းခန်းမှာ ပြောဆိုခဲ့ပေမဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကပါ လိုလိုလားလား မရှိကြသလို၊ နိုင်ငံသားဖြစ်ခွင့်လည်း မရကြတဲ့ သူတွေအပေါ် လူ့ဂုဏ်သိက္ခာနဲ့အညီ ပြုမူဆက်ဆံကြဖို့၊ လူသားအချင်းချင်း စာနာမှုနဲ့ အကူအညီပေးဖို့ ကိစ္စတွေကိုတော့ ပုပ်ရဟန်းမင်းကြီးက ပြောဆိုလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံခရီးစဉ်အပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ပုပ်ရဟန်းမင်းကြီး သွားရောက်ရာမှာတော့ ဒက္ကာမြို့တော်က ဘာသာပေါင်းစုံ စုဝေးပွဲမှာ ရိုဟင်ဂျာ ဒုက္ခသည်တချို့နဲ့ တွေ့ဆုံမှာဖြစ်ကြောင်းလည်း ဗာတီကန်ကျောင်းတော်က ဒီကနေ့ပဲ အတည်ပြု ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG