သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲ ရလဒ် အပေါ် ပြည်တွင်းအမြင်


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ် တွေ အများစုဟာ ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရလိုက် တဲ့ အတွက် မြန်မာပြည်ရဲ့ အနာဂတ်နိုင်ငံရေးဟာ ပိုမိုအသက်ဝင် လှုပ်ရှားလာနိုင်သလို၊ စီးပွားရေး လုပ်ငန်းတွေ လည်း ပိုမို တိုးတက်လာနိုင် တယ်လို့ နိုင်ငံရေး လေ့လာသူတွေက သုံးသပ် ကြပါတယ်။ ဒါပေမဲ့ တချို့ သုံးသပ်သူ တွေကတော့ NLDက ကြားဖြတ်ရွေးကောက်ပွဲမှာ အနိုင်ရ တာ အများစုဖြစ်ပေမဲ့ လွှတ်တော်အတွင်း မှာတော့ အနည်းစုပဲ ဖြစ်နေသေးတာကြောင့် ထူးထူးခြားခြား မပြောင်းလဲ နိုင်သေးဘူးလို့ မြင်ကြပါတယ်။

တနင်္ဂနွေနေ့ က ကျင်းပခဲ့တဲ့ ကြားဖြတ် ရွေးကောက်ပွဲ ရဲ့ ရလဒ်တွေကို NLD ပါတီက ထုတ်ပြန် ရာမှာ ရွေးကောက်ပွဲ ကျင်းပတဲ့ မဲဆန္ဒနယ် ၄၅ နေရာ အနက်မှာ ၄၀ ကျော်ကို အနိုင်ရ ထားကြောင်း ဖော်ပြ ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကတော့ တရားဝင် အတည် မပြုရသေးပါဘူး။

မြန်မာပြည်သူတွေ ကကော ၊ နိုင်ငံတကာ ကပါ ထောက်ခံအားပေးနေတဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် နဲ့ သူ့ပါတီ က ကိုယ်စားလှယ် အများစု အနိုင်ရလိုက်တာဆိုရင် မြန်မာပြည် ရဲ့ အနာဂတ်ဟာ ဘာတွေ တိုးတက် ပြောင်းလဲလာနိုင် ပါသလဲဆိုတာကို နိုင်ငံတော်သမ္မတ ရဲ့ နိုင်ငံရေးအကြံပေးအဖွဲ့ဝင် ဒေါက်တာ နေဇင်လတ်က အခုလို ဖြေဆိုပါတယ်။

“လွှတ်တော်အတွင်းမှာ လုပ်အားတွေ ပိုရှိ လာမှာပေါ့ဗျာ။ နောက်ပြီးတော့ လွှတ်တော်က လည်းပိုပြီးတော့ သွက်သွက်လက်လက် ဖြစ်လာမှာပေါ့။ NLD က အတိုက်အခံ ပါတီကောင်း တရပ်အနေနဲ့ ရောက်လာပြီကိုး။ ရောက်လာပြီ ဆိုတော့ Psychology နည်း အရ NLD က နောက် ဝင်လာတဲ့ အဖွဲ့ပေါ့။ သူက ကြိုးကြိုး စားစား ပိုဆောင်ရွက်မှာပေါ့။ အဲတော့ အရင်အဖွဲ့ တွေကလည်း နောက်လူက ကြိုးကြိုးစားစား ပိုဆောင်ရွက် တော့ သူတို့လည်း အားတက် လာတာလေးတွေ ပိုရှိလာနိုင်တာပေါ့။ နောက် NLD မှာလည်း သူတို့လည်း သေသေချာချာ လေးပေါ့ဗျာ။ လုပ်သင့်လုပ်ထိုက်တာလေးတွေ လုပ်ကြမယ့် သဘောရှိတော့ လုပ်အားတွေ ပိုပြီးတော့ ထွက်လာမှာပေါ့။”

ဒါအပြင် စီးပွားရေးအရ တိုးတက်မှုတွေလည်း ဖြစ်ပေါ်လာနိုင်တယ်လို့ ဒေါက်တာ နေဇင်လတ်က သုံးသပ် ပါတယ်။

“နိုင်ငံတစ်နိုင်ငံမှာ ပြည်ပ ရင်းနှီးမြုပ်နှံမှု ဆိုတာက ဦးဆုံး သူက ဘာကြည့်လဲ ဆိုရင် Political risk ကို ကြည့်တယ်ဗျ။ နိုင်ငံရေး စွန့်စားမှု ရှိမရှိ ဆိုတာ ကို သူ စကြည့်တယ်။ ပြီးတော့ မှ commercial risk ကို ကြည့်တယ်။ အခုဟာ က ကျနော်တို့က နိုင်ငံရေး image ကောင်းသွားတာ ဖြစ်တဲ့ အတွက် ကြောင့် မို့လို့ ဒါက သူ တစ်ဝက်ပေ့ါ။ ဒါ သူတို့ စိတ်ချသွား ပြီပေ့ါ။ ဒီဘက်ကလည်း ကျနော်တို့က every sector တိုင်းမှာ reform လုပ်ပေးနေ ပါတယ်။ စီးပွားရေး reform ကလည်း ရှိတယ်လေ။ ရွေးကောက်ပွဲမှာ လည်း ကျနော်တို့ အေးအေးဆေးဆေး လေး နဲ့ မျှမျှတတ လေး ဖြတ်သန်း သွားရတယ် ဆိုလို့ ရှိရင် နိုင်ငံတကာ ဆန်ရှင် (Sanctions) တွေကို လည်း ပြန်စဉ်းစားမယ်။ တချို့ကလည်း Lift up လုပ်မယ် ဆိုပြီး ပြောတာတွေ ရှိတယ် လေ။ အခု ဘာဘဲ ပြောပြောတော့ NLD အများစု နိုင်ပြီ ဆိုတဲ့ အခါကျတော့ ဆန်ရှင် ကို သူတို့ စပြီးတော့ စဉ်းစားပေးမယ်။ Lift up လုပ်တဲ့ သူကလည်း လုပ်ပေးမယ် လို့ မြင်ပါတယ် ခင်ဗျ။”

NLD ပါတီဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင်ရတဲ့ ရည်ရွယ်ချက်တွေကို ထုတ်ပြန်ရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ ကို ပြုပြင်ရေး၊ တရားဥပဒေစိုးမိုးမှုရရှိရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဆိုတဲ့အချက်တွေ အဓိက ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

အဓိက ရည်ရွယ်ချက်တွေ ဘယ်လောက် အကောင်အထည် ဖော်နိုင်မလဲ ဆိုတာကိုတော့ ဝါရင့် နိုင်ငံရေး သမားကြီး တဦးဖြစ်တဲ့ သခင်ချန်ထွန်းက အခုလို သုံးသပ်ပါတယ်။

“လက်ရှိကတော့ ဒေါ်အောင်ဆန်း စုကြည် တို့က အမတ် ၄၀ကျော် လောက်အနိုင် ရပေမဲ့ လွှတ်တော်မှာ က Majority မဟုတ် သေးဘူးလေ။ လွှတ်တော်ထဲ မှာ Majority ဖြစ်တောင်မှ ကိုယ်က သုံးပုံ နှစ်ပုံ ရမှ ဒီ အခြေခံ ဥပဒေကို ပြင်လို့ ရမှာ။ အခုဟာက ပြင်ဖို့ ဟာ တော်တော် ခက်ပါတယ်။ အထွေထွေ ရွေးကောက်ပွဲ ကြီး ကျရင် ဒေါ်အောင်ဆန်း စုကြည်တို့ ပါတီက Landslide တခါတည်း အကုန်လုံး အနိုင်ရရင် တော့ ဒီ အခြေခံ ဥပဒေကို ပြန်ပြင်လို့ ရနိုင်တာပေ့ါ။”

လက်ရှိ အစိုးရစစ်တပ်တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ဦးလနန်ကလည်း ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့အလားအလာကို အခုလို ပြောပါတယ်။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲ မှာ ရေးထားတဲ့ အတိုင်းဆိုရင် တော့ ဒီတပ်မတော် ကာကွယ်ရေး ဦးစီးချုပ် က တပ်ပိုင်း ဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ သူ့ဆုံးဖြတ်ချက်ဟာ အပြီး အပြတ်ဖြစ်စေ ရမယ် ဆိုတဲ့ ဟာ အဓိပ္ပာယ် ပါတဲ့ ပုဒ်မ တွေပါတယ်။ လွှတ်တော်ကနေ ပြီးတော့ ဘယ်လောက်ဘဲ ကြိုးစားပမ်းစား လုပ်ပင်မဲ့၊ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ ဘယ်လောက် အလျှော့ပေးတဲ့ ပုံစံနဲ့ စကားတွေ ပြော နေပေမဲ့ ကာကွယ်ရေး ဦးစီးချုပ် က ဆုံးဖြတ် ပိုင်ခွင့် အပြည့်အဝ ရှိနေတဲ့ အတွက် ကြောင့် အခု လွှတ်တော် ထဲမှာ NLD တော်တော်များများ ပါဝင် လာပြီ ဆိုပေမဲ့ အဓိက ကတော့ ကာကွယ်ရေး ဦးစီးချုပ် ပါဘဲ။ အဲဒီလို ဆိုမှ တော့ တိုက်ပွဲ နဲ့ ပတ်သက်ပြီး လွှတ်တော်ထဲကနေ သိပ်ပြီးတော့ ထိန်းကြောင်း နိုင်မယ့် အဆင့်တော့ မမြင်ဘူး ခင်ဗျ။”

ဇိုမီးအမျိုးသားကွန်ဂရက်ပါတီဥက္ကဋ္ဌ ပူးကျင်ရှင်ထန်ကတော့ ကြားဖြတ်ရွေးကောက်ပွဲနောက်ပိုင်း အခြေအနေ တွေက စောင့်ကြည့်ရအုံးမယ်လို့ ပြောပါတယ်။

“ဒါကတော့ လေ နည်းနည်း စောင့်ကြည့်ရဦးမယ် နဲ့ တူတယ်။ တိုင်းရင်းသားတွေ အားကိုးရတဲ့ ဒေါ်အောင်ဆန်းစုကြည် ပါ။ သူမရောက်တဲ့ နေရာ မရှိပါဘူးဗျာ။ သူရောက်နေတယ်။ အစ ကောင်းတော့ အနှောင်း သေချာ မှာပေါ့ဗျာ။”

ရွေးကောက်ပွဲမှာ နေရာအများစုကို အနိုင်ရပြီးတဲ့နောက် ဒေါ်အောင်ဆန်း စုကြည်က ဒီမနက် လူထုကို ပြောကြား ခဲ့တဲ့ မိန့်ခွန်းမှာတော့ ရွေးကောက်ပွဲအနိုင်ရရုံနဲ့ မပြီးသေးကြောင်း ရှေ့ဆက်ပြီး လုပ်စရာတွေအများကြီး ကျနေသေး ကြောင်း ပြောကြားထားပါတယ်။

XS
SM
MD
LG