သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အချိုးကျ ကိုယ်စားပြု မဲစနစ် အမျိုးသားလွှတ်တော် အတည်ပြု


မြန်မာနိုင်ငံမှာ ရှေ့လာမယ့် ရွေးကောက်ပွဲတွေအတွင်း မဲအချိုးကျ ကိုယ်စားပြု ရွေးချယ်တဲ့စနစ် လို့ခေါ်တဲ့ PR စနစ်ကို ကျင့်သုံးမယ့် အစီအစဉ်အပေါ် ကန့်ကွက်မှုတချို့ ရှိခဲ့ပေမဲ့လည်း လွှတ်တော်မှာ ဒီကနေ့ပဲ မဲခွဲအတည်ပြုလိုက်ပါတယ်။

အချိုးကျ ကိုယ်စားပြုစနစ်ကို ပြောင်းလဲကျင့်သုံးမယ့် စနစ်နဲ့ပတ်သက်လို့ နိုင်ငံရေး အသိုင်းအဝိုင်းကြား အချေအတင် ပြောစရာတွေ ဖြစ်ခဲ့ရပေမဲ့ဲ အမျိုးသားလွှတ်တော်က အတည်ပြုလိုက်တာပါ။ အပြည့်အစုံကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

အချိုးကျကိုယ်စားပြု (PR) စနစ်ကို လာမယ့် အထွေထွေ ရွေးကောက်ပွဲတွေမှာ ကျင့်သုံးနိုင်ဖို့အတွက် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က အဆိုပြုခဲ့တာပါ။ ဇွန်လ ၉ ရက် တနလာၤနေ့က စတင်ပြီး ဒီအဆိုအပေါ်မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အယောက် ၂၀ နဲ့ ၃ ရက်ကြာ ဆွေးနွေးအပြီးမှာပဲ အချိုးကျကိုယ်စားပြု (PR) စနစ် ကျင့်သုံးဖို့ သင့် မသင့် အမျိုးသားလွှတ်တော်အတွင်း မဲခွဲတဲ့နေရာမှာ ၁၁၇ မဲ၊ ၈၅ မဲနဲ့ အဆိုကို ထောက်ခံခဲ့တာ ဖြစ်တယ်လို့ အဆိုရှင် ဒေါ်ခင်ဝိုင်းကြည်က ဗွီအိုအေ ကို ပြောပါတယ်။

“အားလုံးပေါင်း လွှတ်တော်ကိုယ်စားလှယ် ၂၀၄ ဦးလာတယ်။ ၂၀၄ ဦးတက်တယ်၊ ဥက္ကဋ္ဌကြီးအပါအဝင်ဆိုရင် ၂၀၅ ဦးပေါ့။ တကယ်လို့သာ အဲဒီ ၂၀၄ ဦးက ကန့်ကွက်တာနဲ့ ထောက်ခံတာ အတူတူဖြစ်နေမယ် ဆိုလို့ရှိရင်တော့ ဥက္ကဋ္ဌကြီးမဲကို ထည့်တွက်ရမှာပေါ့လေ။ အခုကတော့ ၂၀၄ ဦး အနက်ကနေ ထောက်ခံတဲ့လူက ၁၁၇ ဦး၊ ကန့်ကွက်တဲ့လူက ၈၅ ဦး၊ ကျန်တဲ့လူက ကြားနေပေါ့နော် အဲဒီ ၂၀၄ ဦးမှာ။ မဲ ၃ မျိုး ခွဲလိုက်တယ်လေ။”

ဒါပေမဲ့ တဘက်မှာတော့ ဒီ PR စနစ်ကို အပြင်းအထန် ဝေဖန်မှုတွေလည်း ရှိနေပါတယ်။ လွှတ်တော်တွင်း မဲခွဲတဲ့နေရာမှာလည်း အတိုက်အခံပါတီ NLD နဲ့ တိုင်းရင်းသားပါတီတွေရဲ့ ကိုယ်စားလှယ်တွေ ဒီအဆိုအပေါ်မှာ ထောက်ခံခြင်း မရှိခဲ့ပေမဲ့ အာဏာရပါတီကြီးဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ NDF ပါတီတို့က အဓိက ထောက်ခံခဲ့တာကိုလည်း တွေ့ရပါတယ်။

ဒီအချက်နဲ့ ပတ်သက်ပြီး ဒေါ်ခင်ဝိုင်းကြည်ကတော့ သူမအနေနဲ့ ဒီ PR စနစ် ကျင့်သုံးဖို့ကို အမျိုးသားလွှတ်တော်ရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေ ရွေးကောက်ပွဲ ယှဉ်ပြိုင်တဲ့နေရာမှာသာ ကျင့်သုံးဖို့ အဆိုပြုခဲ့တာဖြစ်တယ်လို့ သူမက အခုလို ပြန်ဖြေခဲ့ပါတယ်။

“ပြည်နယ်တွေက နည်းနည်း ရှုပ်ရှုပ်ထွေးထွေး ရှိတဲ့နေရာတွေ ရှိတယ်လေ။ လုပ်လို့ကိုင်လို့ သဟဇာတ မဖြစ်တဲ့နေရာတွေရှိတယ်။ အဲဒီလိုမျိုး နေရာတွေကျ မလုပ်နဲ့ပေါ့။ အန်တီက အဲဒီလိုပဲ ပြောခဲ့တာပါ။”

PR စနစ်ကို အမျိုးသားလွှတ်တော်ရဲ့ တိုင်းဒေသကြီးအဆင့် ကိုယ်စားလှယ်တွေ ရွေးချယ်တဲ့နေရာမှာ သုံးမယ်လို့ပြောပေမဲ့ ဒီ PR စနစ်ဟာ အင်မတန် ရှုတ်ထွေးပြီးတော့ တိုင်းရင်းသားဒေသတွေမှာသာ ကျင့်သုံးမယ်ဆိုရင် အခက်အခဲတွေ ရှိလာနိုင်တယ်လို့လည်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်း က သုံးသပ်ပါတယ်။

“အမျိုးသားလွှတ်တော်ဖြစ်ဖြစ်၊ ပြည်နယ်လွှတ်တော်ဖြစ်ဖြစ်၊ ပြည်သူ့လွှတ်တော်ဖြစ်ဖြစ် သူတို့က ၃ ပုံ ၁ ပုံလောက် တက်လာမယ်ဆိုတော့ အဲဒါတွေဟာ တရားဝင် ဖြစ်လာမှာပေါ့ဗျာ။ ဒါကြောင့် ကျနော်တို့ကတော့ တိုင်းရင်းသား ဒေသတွေမှာ ပိုပြီးတော့ အခက်အခဲရှိပါတယ်။ ပြည်နယ်မှာ ဆိုရင်လည်း အခက်အခဲရှိပါတယ်။ ပြည်ထောင်စုမှာ ဆိုရင်လည်းပဲ ခုနကပြောသလို၊ ကျနော်တို့ ဘယ်ပါတီမှ အပြတ်အသတ် အနိုင်မရပဲနဲ့ပေါ့နော် အစိုးရအဖွဲ့က အားနည်းသွားနိုင်တယ်။ အဲဒီအပေါ်မှာ တပ်မတော်ရဲ့ အခန်းကဏ္ဍက ပိုပြီးတော့ စိုးမိုးလာမယ်လို့ ကျနော်တို့ ယူဆတယ်။ အဲဒါကြောင့် ကျနော်တို့အနေနဲ့ PR စနစ်ကို ခြုံပြီးပြောရရင် PR စနစ်က အားနည်းချက်တွေ အများကြီးရှိပါတယ်။ ဒီအချိန်မှာ ပြည်သူတွေကလည်း PR စနစ်ကို ဘယ်လိုမှ နားမလည်နိုင်သေးပါဘူး။ ကျနော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ နိုင်ငံရေး သမားတွေတောင်မှ နားမလည်နိုင်သေးတဲ့ PR စနစ်ရဲ့ မဲပေးပုံ အဆင့်ဆင့် ရှုပ်ထွေးပွေလီမှုတွေကို ကျနော်တို့ ပြည်သူတွေကို ချပြဖို့၊ ပြည်သူတွေက အဲဒါတွေကို ထဲထဲဝင်ဝင် နားလည်တတ်မြောက်ဖို့ဆိုတာ တော်တော့ကို ခက်ပါတယ်”

တဘက်မှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောခွင့်ရှိသူလည်းဖြစ်၊ ဗဟို အလုပ်အမှုဆောင် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဒေါ်နန်းခင်ထွေးမြင့် ကတော့ PR စနစ် ကျင့်သုံးနိုင်အောင် လွှတ်တော်တွင်း ဆောင်ရွက်ချက်ဟာ မေးခွန်းထုတ် စရာ ဖြစ်နေတယ်လို့လည်း သူမက ပြောပါတယ်။

“ဟိုအရင်တုန်းကတော့ သူတို့မပြောကြဘူး၊ အခုမှ PR စနစ်ကို ဘာ့ကြောင့်ပြောကြလဲဆိုတာ ကျမတို့က လေ့လာမေးကြည့်တဲ့အခါမှာ သူတို့က တပါတီအာဏာရှင်ဖြစ်မှာ ကြောက်လို့တဲ့။ အဲဒါဆိုရင် ၂၀၁၀ တုန်းကရော ပြည်ခိုင်ဖြိုးပါတီ၊ တပါတီ အာဏာရှင် ဖြစ်မှာကြတော့ သူတို့ စိတ်မပူဘူးလား။ အမှန်တော့ ဒီ PR ဆိုတာ သူတို့ပြောရင် တိုင်းရင်းသား ဘာဖြစ်တယ်၊ ညာဖြစ်တယ် တိုင်းရင်းသားကို ဦးစားပေးတယ်တို့ ဘာတို့ပြောတယ်။ အမှန်က တိုင်းရင်းသား ပါတီငယ်လေးတွေအတွက် ဒါကပိုပြီးတော့ ဆုံးရှုံးမှု များတယ်လေ။ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကတောင်မှ ဒီလောက်ထိခိုက်မှု မရှိဘူး။ ပါတီငယ်လေးတွေပဲ ထိခိုက်မှုရှိတာ။ အဲဒီတော့ သူတို့က သက်သက် ပါတီငယ်လေးတွေကို ဘယ်လိုလုပ်ချင်လို့လဲမသိ။ တိုင်းရင်းသားတွေကိုပဲ ချန်ခဲ့ချင်လို့လား၊ တခုခုအစီအစဉ်နဲ့ လုပ်တယ်လို့ပဲ ကျမကတော့ လက်ခံထားတယ်။ ဒါကတော့ မရိုးသားတာကတော့ အမှန်ပဲ။ ဒါကြီးကို သိလျက်သားနဲ့ သက်သက်ကြီး သူတို့ အင်အားကြီးသုံးပြီးတော့ လုပ်တယ်ဆိုတော့လည်း ဒါကမရိုးသားတဲ့ အထဲမှာ တချက်ပါတယ်။”

ဒီကနေ့ အမျိုးသားလွှတ်တော်မှာ ဒီအဆိုကို မဲခွဲအပြီးမှာတော့ ပြည်ထောင်စု ရွေးကော်ပွဲကော်မရှင်က လွှတ်တော်က အလိုရှိနေတဲ့အတိုင်း သူတို့အနေနဲ့ ဆောင်ရွက်ဖို့ ရှိတယ်လို့လည်း ပြန်လည် ပြောဆိုသွားခဲ့ပါတယ်။
ဒါကြောင့် ဒီအချိုးကျကိုယ်စားပြု (PR) စနစ်ကို လေ့လာဖို့အတွက် အမျိုးသားလွှတ်တော်မှာ ကော်မရှင်တရပ် ဖွဲ့ပေးခဲ့ပြီး ဥပဒေမူကြမ်းအတွက် မကြခင်မှာ ထွက်လာနိုင်ဖို့ ရှိတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ် အများက ပြောဆိုနေကြပါတယ်။
XS
SM
MD
LG