{{Zawgyi/Unicode}}
အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ရဲ့ မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်သစ်ကို အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာမယ့် ကမ္ဘောဒီးယားနိုင်ငံက ဒီဇင်ဘာလကုန်မှာ ခန့်ထားမယ်လို့ ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာန ပြောခွင့်ရက ပြောပါတယ်။
ဘရူနိုင်းနိုင်ငံရဲ့ လက်ရှိအလှည့်ကျဥက္ကဋ္ဌသက်တမ်းနဲ့ ဘရူနိုင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး Erywan Yusof ရဲ့ လက်ရှိ အထူးကိုယ်စားလှယ်သက်တမ်းတို့ဟာ နှစ်သစ်ဝင်ချိန်မှာ ကုန်ဆုံးမယ်လို့လည်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာန ပြောခွင့်ရ Koy Kuong က ဗွီအိုအေ ခမာဌာနနဲ့ သီးခြား ဆက်သွယ်မေးမြန်းခန်းအတွင်း ပြောခဲ့ပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ ပြောင်းသွားပြီးတဲ့နောက်မှာလည်း Erywan Yusof ကိုပဲ အထူးကိုယ်စားလှယ်အဖြစ် ဆက်ထားဖို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က ပြောခဲ့ပြီးတဲ့နောက် ကမ္ဘောဒီးယားနိုင်ငံခြားရေးဌာန ပြောခွင့်ရ Kuong ရဲ့ အခုပြောဆိုချက် ထွက်လာတာပါ။
ဝန်ကြီး Saifuddin ရဲ့ ပြောဆိုချက်ဟာ "မြန်မာ့အကျပ်အတည်းပေါ် ကမ္ဘောဒီးယားနိုင်ငံရဲ့ ကိုင်တွယ်လုပ်ဆောင်မှုနဲ့ ၂၀၂၂ အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် ကမ္ဘောဒီးယားနိုင်ငံရဲ့ အထူးအခွင့်အရေးအပေါ် သူ့ရဲ့ ကြိုတင်အကဲဖြတ်ချက်လားဆိုတာ မေးစရာဖြစ်လာနိုင်တယ်" လို့ ပြောခွင့်ရ Kuong ကပြောပါတယ်။
မြန်မာ့အရေး အာဆီယံအထူးကိုယ်စားလှယ်သစ်ဟာ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ဖြစ်လာနိုင်တယ်လို့ ကမ္ဘောဒီးယား တာဝန်ရှိသူတွေကို ကိုးကားပြီး ဂျပန်အခြေစိုက် Nikkei Asia သတင်းဌာနက ရေးပါတယ်။
ပြောခွင့်ရ Koy Kuong ကတော့ အထူးကိုယ်စားလှယ် ဘယ်သူဖြစ်မယ်ဆိုတာ အတိအကျမပြောခဲ့ဘဲ "အချိန်က စကားပြောပါလိမ့်မယ်" လို့ ဗွီအိုအေ ခမာဌာနကို ပြောခဲ့ပါတယ်။
===========
{{/Unicode}}
မွနျမာ့အရေးအာဆီယံကိုယျစားလှယျ အလှည့ျကြဥက်ကဋ္ဌ ကမ်ဘောဒီးယား ပွနျခန့ျမညျ
#ASEANEnvoy #MyanmarASEAN #VOABurmese