သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အောက်မေ့ဖွယ်နေ့ အားလပ်ရက် ခရီးသွားသူ စံချိန်တင်များပြား


Georgia ပြည်နယ်၊ Atlanta မြို့က ကမ္ဘာ့ခရီးသည် အဝင်အထွက်အများဆုံး Hartfield-Jackson လေဆိပ်
Georgia ပြည်နယ်၊ Atlanta မြို့က ကမ္ဘာ့ခရီးသည် အဝင်အထွက်အများဆုံး Hartfield-Jackson လေဆိပ်

တနင်္လာနေ့မှာကျရောက်တဲ့ အခုနှစ်အတွက် Memorial Day အောက်မေ့ဘွယ်နေ့ အားလပ်ရက်နေ့မတိုင်ခင် သီတင်းပတ်ကုန် ရက်တွေမှာ လေကြောင်းကနေ ခရီးသွားသူ အရေအတွက်ဟာ စံချိန်တင်ခဲ့တယ်လို့ အမေရိကန် လေဆိပ်လုံခြုံရေးဌာန TSA က မနေ့ မေလ ၂၅ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

မေလ ၂၄ ရက်၊ သောကြာနေ့က လေဆိပ်လုံခြုံရေး စစ်ဆေးရေးဂိတ်တွေကို ဖြတ်သန်းခဲ့ကြတဲ့ အမေရိကန်ပြည်တွင်း ခရီးသွားသူ ၂.၉ သန်းဟာ မနှစ် Thanksgiving Day ကျေးဇူးတော်နေ့မှာ ဖြတ်သန်းခဲ့တဲ့ စံချိန်ကို ချိုးလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ ဌာနရဲ့ မှတ်တမ်းတွေအရ သောကြာနေ့က တနေ့တာ လေကြောင်းနဲ့ ခရီးသွားသူ အရေအတွက် စံချိန်တင်ခဲ့ကြောင်းနဲ့ ခရီးသည်တွေအနေနဲ့ သတ်မှတ်ချိန်ထက်ပိုပြီး လေဆိပ်ကို စောလာပေးကြဖို့ အကြံပြုလိုကြောင်း TSA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ပွဲတွေအတွင်း ကျဆုံးသွားကြတဲ့ အမေရိကန်စစ်သားတွေကို အမှတ်ရ ဂုဏ်ပြုတဲ့နေ့အဖြစ် သတ်မှတ်ထားတဲ့ ဒီ Memorial Day အောက်မေ့ဘွယ်နေ့ အားလပ်ရက်နေ့မှာ အမေရိကန် မိသားစုတွေ နီးစပ်ရာ ဆွေမျိုးသားချင်းတွေထံ အပါအဝင် ဒေသန္တရ ခရီးထွက်ကြတဲ့ သီတင်းပတ်ရှည် အားလပ်ရက် ဖြစ်ပါတယ်။

Georgia ပြည်နယ်၊ Atlanta မြို့က ကမ္ဘာ့ခရီးသည် အဝင်အထွက်အများဆုံး Hartfield-Jackson လေဆိပ်မှာတော့ ကြာသပတေးနေ့ တရက်ထဲတင် ခရီးသည် ၁၁၁,၀၀၀ ဝင်ထွက်ခဲ့တာကြောင့် ဒါဟာ တရက်အတွင်း အများဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ဒီလေဆိပ်အတွက် ဒုတိယအများဆုံး ခရီးသည် ဖြတ်သန်းသွားလာတဲ့နေ့ကတော့ နောက်တနေ့ သောကြာနေ့ဖြစ်တဲ့ မေလ ၂၄ ရက်နေ့ ဖြစ်ပါတယ်။

မနှစ်က ခရီးသည်ပေါင်း ၁၀၄ သန်းကျော် ဝင်ထွက် သွားလာခဲ့တဲ့ ဒီ Atlanta မြို့က Hartfield-Jackson လေဆိပ်ဟာ ကမ္ဘာ့ခရီးသည် ဝင်ထွက် ဖြတ်သန်းသွားလာမှု အများဆုံးလေဆိပ်ဖြစ်တယ်လို့ နိုင်ငံတကာ လေဆိပ်များကောင်စီက ပြောပါတယ်။

Forum

XS
SM
MD
LG