သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူတွေ လျှပ်စစ်ခြွေတာဖို့ သမ္မတ အကြံပေး တိုက်တွန်း


မြန်မာနိုင်ငံမှာ အိမ်တွေ ဖယောင်းတိုင်ထွန်းပြီး လျှပ်စစ်မီး ပိတ်ထားရင် ပြဿနာ အဆင်ပြေသွားမယ်လို့ နိုင်ငံတော် သမ္မတအကြံပေး တဦးက ပြောပါတယ်။ အခုရက်ပိုင်းတွေထဲမှာ မြန်မာနိုင်ငံမှာ အလုပ်သမားလစာတိုးရေးနဲ့ လျပ်စစ်မီး အချိန်အပြည့်အ၀ ရရှိရေးတွေအတွက် ဆန္ဒပြ တောင်းဆိုတာတွေနဲ့ ပတ်သက်တဲ့ သတင်းထောက်တွေရဲ့ မေးခွန်းထဲ အခုလို ဖြေခဲ့တာဖြစ်ပြီး ဆန္ဒပြတာတွေ မလုပ်ပဲ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ အချင်းချင်း ပြေလည်အောင် ညှိနှိုင်းတာဟာ
အကောင်းဆုံးပဲလို့ သမ္မတ အကြံပေး ဦးကိုကိုလှိုင်က ပြောခဲ့ပါတယ်။ ရန်ကုန်က သမ္မတ အကြံပေးရုံးမှာ ဒီကနေ့ လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲ အကြောင်းကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

မေလ ၂၄ ရက် ကြာသာပတေးနေ့က ရန်ကုန်မှာရှိတဲ့ သမ္မတအကြံပေးရုံးမှာ နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားချက်အရ ဆိုပြီး ဦးကိုကိုလှိုင်နဲ့အတူ နောက်ထပ် သမ္မတ အကြံပေးအဖွဲ့ဝင် တချို့နဲ့ သတင်းစာရှင်းလင်းပွဲ တခု လုပ်ခဲ့တာပါ။

အဲဒီမှာ လတ်တလော မြန်မာနိုင်ငံတဝှမ်း လျပ်စစ်မီး အချိန်ပြည့်ရရေး ဆန္ဒဖော်ထုတ်ပွဲတွေ ဖြစ်နေတာမို့ နိုင်ငံတော်အနေနဲ့ ဒီပြဿနာကို ဘယ်လို ဖြေရှင်းပေးဖို့ စီစဉ်ထားပါသလဲ ဆိုတဲ့ သတင်းထောက်တွေရဲ့ အမေးကို ဦးကိုကိုလှိုင်ကတော့ လျပ်စစ်မီးတွေပိတ်ကာ ဖယောင်းတိုင်ထွန်းပြီး လျပ်စစ်မီးခြွေတာရင် ပြဿနာအားလုံး ပြေလည်သွားမယ်လို့ အခုလိုဖြေခဲ့ပါတယ်။

"တချို့နေရာတွေကျတော့ အခက်အခဲ ရှိတာတွေ ရှိတယ်။ ဥပမာဆိုပါတော့ - အခု လျှပ်စစ်မီးကိစ္စပဲ ဆိုပါစို့။ ကျနော် ဥပမာလေး တခု ပြောပြမယ်။ ဂျပန်မှာ နြူကလီးယား Facility တွေ ပျက်သွားတယ်။ အဲဒါနဲ့ ကြောက်လန့်ပြီးတော့ နြူကလီးယား Plant တွေ အကုန်လုံး ပိတ်လိုက်ရတယ်။ အခု ၄၀ ကျော်မှာ ၂ ခုပဲ လည်ပတ်နေတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံမှာ မီးမပြတ်ဘူး။ ဘာကြောင့်လည်းဆိုတော့ ပြည်သူလူထုက အကုန်လုံး ခြိုးခြံ ခြွေတာတယ်။ အိမ်သာမှာ ဖင်ထိုင်တဲ့နေရာမှာ အပူပေးတဲ့ စံနစ်ကအစ သူတို့ မသုံးဘူး။ အအေးခံပြီးတော့ အိမ်သာ သွားတယ်။ မလိုအပ်တဲ့နေရာက မီးတွေ အကုန်ဖြတ်တယ်။ အကုန်လုံး ခြွေတာတယ်။ အဲဒီအခါကျတော့ Plant ၄၀ မှာ ၂ ခုပဲ လည်ပတ်နေတာတောင်မှ မီးမပြတ်ဘူး။ အဲဒီတော့ ကျနော်တို့ကလည်း၊ ကျနော်ပြောချင်တာက - တကယ့် စေတနာနဲ့ ပြောချင်တာ၊ ဖရောင်းတိုင်တွေကို ကိုယ့်အိမ်မှာ ကိုယ်ထွန်းပြီး မီးလေး ပိတ်ထားလိုက်ကြပါ။ အားလုံး အဆင်ပြေသွားပါမယ်။"

ဒါ့အပြင်လည်း အလုပ်သမားဆန္ဒပြမှုတွေနဲ့ ပတ်သက်လို့ သူအမြင်ကို ရှင်းပြရာမှာတော့ ဆန္ဒပြ တောင်းဆိုတာတွေမလုပ်ပဲ သက်ဆိုင်ရာနဲ့ ညှိနှိုင်းရင် ပိုကောင်းမယ်လို့ မြင်ကြောင်းကိုလည်း
ပြောပါတယ်။

"ဘာမှ ဆန္ဒမပြပဲနဲ့ အေးအေးချမ်းချမ်း ပြဿနာတွေဟာ အချင်းချင်း၊ သက်ဆိုင်တဲ့ အဖွဲ့အချင်းချင်းထဲမှာ ညှိနှိုင်းပြီးတော့ ပြေလည်သွားရင် အကောင်းဆုံးပေါ့။ ဥပမာဆိုရင် အလုပ်ရှင်နဲ့ အလုပ်သမားကြား၊ အချင်းချင်းညှိပြီးတော့ ဘာမှ မဖြစ်တဲ့အချိန်မှာ ပြေလည်သွားရင် အလုပ်လည်း မပိတ်ရဘူး၊ သူတို့ လစာလည်း မထိခိုက်ဘူးပေါ့။ အဓိကကတော့ ဘာလဲဆိုတော့ တဖက်နဲ့ တဖက်က အပေးအယူမျှဖို့၊ နားလည်မှုရှိဖို့က အရေးကြီးဆုံးပဲ။"

နောက်တခါ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးကနေ နှုတ်ဖို့ စာတင်ထားတဲ့ သတင်းနဲ့ပတ်သက်လို့ သမ္မတအကြံပေး တယောက်အနေနဲ့ ဒီသတင်းကို အတည်ပြု နိုင်ပါသလားဆိုတဲ့ အမေးကိုတော့ ဦးကိုကိုလှိုင်က -

"ကျနော်လည်း အမှန် ပြောရလို့ရှိရင် ရန်ကုန်နဲ့ ဗမာပြည်မှာနေတာထက်၊ အပြင်မှာ ရောက်နေတာက များတယ်။ ဒီတလောအတွင်းမှာ။ ဒီကိစ္စတွေတောင်မှ ကျနော်လည်းပဲ အွန်လိုင်းမှာပဲ သိတဲ့ဘ၀ ဖြစ်နေတယ်။ တမြန်မနေ့က ကျနော် ပြန်ရောက်လာတယ်၊ ဒီကနေ့ ခနနေရင် ကျနော် လေယာဉ်ပျံကွင်း ပြန်ဆင်းရမယ်။
ရေရေရာရာ ကျနော် ဘာမှ မသိပါဘူး။ ဒါပေမယ့် ပြောရရင်တော့ ၃ ရက်နေ့က ထွက်လာတဲ့ အမိန့်အရ ဒုသမ္မတကြီးက ငြိမ်းချမ်းရေး အဖွဲ့ထဲမှာ ပါနေတယ် ဆိုလို့ရှိရင် ဒါ တရားဝင် Position အရတော့ ရှိနေဦးမယ်ဆိုတာ ရှင်းပါတယ်။ ဆိုတော့ ဒုသမ္မတ တယောက် နှုတ်ထွက်တယ်ဆိုတာ ပေါ့ပေါ့ သေးသေးကိစ္စ မဟုတ်ပါဘူး။ ဖြစ်လာတာနဲ့ သူ့ဟာသူ တရားဝင် ပေါ်ပေါက်လာမယ့်ကိစ္စဖြစ်မယ်လို့ပဲ ကျနော် ထင်ပါတယ်။ ဒါမျိုးက ပုန်းလျှိုး ကွယ်လျှိုးလည်း လုပ်လို့ရတဲ့ ကိစ္စမျိုးမှ မဟုတ်ပဲ။ ဖြစ်လာတဲ့ အခါကျရင် တရားဝင် လုပ်ထုံးလုပ်နည်းနဲ့ ဖြစ်မှာပေါ့။ မဖြစ်သေးလို့ရှိရင်လည်း မဖြစ်ဘူးပေါ့။"


ဒီကနေ့ သတင်းထောက်တွေကို ခေါ်ယူပြီး ရှင်းပြရတဲ့ အဓိက အကြောင်းအရင်းကတော့ မေလ ၁၉ ရက်နေ့ မှာ သမ္မတရဲ့ စီးပွာရေးအကြံပေးတဦးုဖြစ်တဲ့ ဒေါက်တာဦးမြင့်ရဲ့ "ရန်ကုန်တက္ကသိုလ်ရဲ့အစဉ်အလာ ဂုဏ်သိက္ခာကို ပြန်လည် တည်ဆောက်ရေးအတွက် ပြည်သူသို့ အိတ်ဖွင့်ပေးစာ" ဆိုတာနဲ့ ပတ်သက်ပြီးတော့
သတင်းထောက်တွေကို ရှင်းပြကြတာ ဖြစ်ပါတယ်။

ဒေါက်တာ ဦးမြင့်ဟာ သမ္မတရဲ့ အကြံပေးအဖွဲဝင်တဦး ဖြစ်ပေမယ့် ဒီစာဟာ ပုဂ္ဂိုလ်ရေး ခံစားမှုနဲ့ ဆန္ဒအရသာဖြစ်ပြီး သမ္မတ အကြံပေး အဖွဲ့နဲ့ရော နိုင်ငံတော် သမ္မရုံးနဲ့ပါ မပတ်သက်ဘူး ဆိုပြီးတော့ ဦးကိုကိုလှိုင်က ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ရန်ကုန်တက္ကသိုလ်ပိုင် တင်းနစ်ကွင်းတွေဟာလည်း ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံမှာ ကျင်းပမယ့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများအတွက် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များနဲ့ ပူးတွဲပြီးတော့ အဆင့်မြင့်ကွင်းတွေ အဖြစ်ပြုပြင်ဖို့သာ ဖြစ်ပြီးတော့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို လွဲပေးလိုက်တာ မဟုတ်ဘူး ဆိုတာကိုလည်း သူ့ရဲ့ သတင်း စာရှင်းလင်းပွဲအတွင်းမှာ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

တခါ မြန်မာနိုင်ငံမှာ ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေ မြင့်မားလာဖိူ့အတွက် နည်းပညာတက္ကသိုလ်တွေ အဆင့်အတန်း တိုးတက်လာဖို့ အိန္ဒိယနိုင်ငံနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ စီစဉ်ထားသလို တောင်ကိုရီးယား နိုင်ငံကလည်း ပညာရေးနဲ့ ကျန်းမာရေး ကဏ္ဍတွေမှာ ကူအညီပေးမယ် ဆိုတာတွေကို ပြောထားတယ်လို့လည်း ရှင်းပြသွားပါတယ်။

တခါ နိုင်ငံမှာ တိုင်းရင်းသား ပြဿနာတွေကို အမျိုးသား အဆင့်နဲ့ ဆောင်ရွက်နိုင်ဖို့အတွက် သမ္မတကြီး ကိုယ်တိုင် ဦးဆောင်ကာ နောက်ထပ် အဖွဲ့ဝင်တွေနဲ့ ဖွဲ့စည်း ဆောင်ရွက်နေတယ် ဆိုတာကိုလည်း သတင်းစာ ရှင်းလင်းပွဲအတွင်းမှာ ပြောသွားပါတယ်။

XS
SM
MD
LG