သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတနဲ့ ဒုသမ္မတ အင်္ဂါနေ့ရွေးချယ်မည်


ရွေးချယ်တင်မြှောက်ခံရတဲ့ ဒုတိယသမ္မတ ၃ ယောက် ဦးထင်ကျော်၊ ဦး ဟင်နရီ ဗန်ထီးယူနဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ
ရွေးချယ်တင်မြှောက်ခံရတဲ့ ဒုတိယသမ္မတ ၃ ယောက် ဦးထင်ကျော်၊ ဦး ဟင်နရီ ဗန်ထီးယူနဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ

ရွေးကောက်ခံ လွှတ်တော်အမတ်များ အစုအဖွဲ့ ၂ ခုက တင်မြှောက်တဲ့ ဒုတိယ သမ္မတ ၂ ဦးနဲ့ ရွေးကောက်ခံ စရာမလိုဘဲ ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ တင်သွင်းတဲ့ ဒုတိယ သမ္မတ ၁ ဦးတို့ထဲက သမ္မတကို အင်္ဂါနေ့မှာ မဲခွဲ ရွေးချယ်မှာ ဖြစ်ပါတယ်။ အရပ်သား ကိုယ်စားလှယ်တွေ တင်သွင်းတဲ့ ဒုတိယ သမ္မတတွေနဲ့ တပ်မတော်က တင်သွင်းတဲ့ ဒုတိယ သမ္မတတို့ကြား ဘယ်သူ သမ္မတ ဖြစ်လာနိုင်ခြေ ရှိပါသလဲဆိုတာကို မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

နှစ်ပေါင်းများစွာ အတွင်း လူထုက ရွေးကောက်တင်မြှောက်တဲ့ အရပ်သားကိုယ်စားလှယ်တွေရဲ့ မဲဆန္ဒနဲ့ သမ္မတ တင်မြှောက်နိုင်ဖို့ အင်္ဂါနေ့မှာ ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲ ရွေးချယ်တော့မှာ ဖြစ်ပါတယ်။ ပြည်ထောင်စု လွှတ်တော်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက အများစု အနိုင်ရထားတာမို့ သမ္မတ တင်မြှောက်ခွင့်ရဖို့ အတွက် မဲအလုံအလောက် ရမယ်လို့ ယုံကြည်ထားကြပါတယ်။ တနလာၤနေ့မှာ ပြည်ထောင်စု လွှတ်တော်က အတည်ပြုလိုက်တဲ့ ဒုတိယ သမ္မတ ၃ ဦးဖြစ်တဲ့ ဦးထင်ကျော်၊ ဦးဟင်နရီ ဗန်ထီးယူ နဲ့ ဦးမြင့်ဆွေတို့ သမ္မတဖြစ်ခွင့် အလားအလာကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက အခုလို ပြောပါတယ်။

“အခြေအနေကတော့ NLD မှာ မဲက ပြည်ထောင်စုလွှတ်တော်မှာ ၃၉၀ ရှိပါတယ်။ တပ်မတော်သားမဲက ၁၆၆ ယောက်ရှိတယ်။ ပြည်ခိုင်ဖြိုးက ၄၁ ယောက်ရှိတယ်။ ကျန်တဲ့တိုင်းရင်းသားပါတီက အကုန်လုံး ၆၀ ရှိပါတယ်။ အဲဒီအပေါ်မှာ မဲမကွဲဘူးဆိုရင်ပေါ့နော် ကျနော်တို့ အခြေအနေကို ကျနော်တို့ ဒီမှာ တွက်ဆကြည့်ရတာ ကတော့ သမ္မတကတော့ ဦးထင်ကျော် ဖြစ်ပါလိမ့်မယ်။ ဒုသမ္မတ ကတော့ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးမဲက Solid ဖြစ်တော့ သူတို့မဲက ဒုသမ္မတ ၁ ဖြစ်နိုင်တယ်။ ကျန်တဲ့ ဦး ဟင်နရီ ဗန်ထီးယူ ကတော့ ဒုသမ္မတ ၂ ပေါ့နော် အဲလိုပဲ လောလောဆယ် ကျနော်တို့ ချိန်ဆတွက်ဆကြည့်တာ အဲလိုပဲ မြင်ပါတယ်။”

တပ်မတော်သား ကိုယ်စားလှယ်တွေက ဒုတိယ သမ္မတ အဖြစ် တင်မြှောက်ထားတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ တာဝန်ရှိသူလည်း ဖြစ်တာကြောင့် လွှတ်တော်တွင်းက လူနည်းစု ပြည်ခိုင်ဖြိုး ပါတီ ကိုယ်စားလှယ်တွေရဲ့ မဲတွေကိုလည်း ရမယ်လို့ ခန့်မှန်းကြပါတယ်။ တခြား လူနည်းစု နိုင်ငံရေး ပါတီတွေရဲ့ မဲတွေကတော့ တဦးချင်း ဆုံးဖြတ်ချက်နဲ့ ပေးကြမယ့် အနေအထားမှာ ရှိတယ်လို့လည်း လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

“တပ်ကရော၊ NLD ဘက်ကရော လာပြီးတော့ ကျနော်တို့ ညှိနှိုင်းတာတို့ စည်းရုံးတာတို့ ရှင်းပြတာတို့ ကျနော်တို့အပေါ်မှာ မရှိပါဘူး။ ဒါကြောင့်ကျနော်တို့ ပါတီအနေနဲ့ပေါ့နော် အထူးသဖြင့် ကျနော်တို့ပါတီအနေနဲ့ တဦးချင်း လွတ်လွတ်လပ်လပ်ပဲ မဲပေးဖို့ ကျနော်တို့မှာရှိပါတယ်။ တခြား တိုင်းရင်းသား ပါတီတွေလည်း ထိုနည်းလည်းကောင်းပဲ ရှိပါလိမ့်မယ်။ ကိုယ်စိတ်ကြိုက်ပေါ့နော် ဒီသမ္မတလောင်း ၃ ယောက်ကို ကိုယ်ကြိုက်တဲ့ ပုဂ္ဂိုလ်ကို ပေးဖို့ဆိုတာကတော့ ဒါကတော့ မြင်နေရပါတယ်။ ဆိုလိုတာကတော့ တိုင်းရင်းသားမဲတွေကတော့ ဒီသမ္မတ ၃ ယောက်အပေါ်မှာ ပြန့်နှံ့သွားပါလိမ့်မယ်။

ရွေးကောက်ခံ ကိုယ်စားလှယ်တွေ တင်မြှောက်တဲ့ ဒုတိယ သမ္မတတွေ သမ္မတ အဖြစ် ရွေးကောက်ခံရဖို့ အတွက် ဂရုစိုက်ဖို့လည်း လိုတယ်လို့ နိုင်ငံရေး လေ့လာသူ ဒေါက်တာ ရန်မျိုးသိမ်းက ပြောပါတယ်။

“NLD က အားလုံး အနိုင်ရထားတဲ့ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်အရေအတွက်က ၃၉၀ ရှိပါတယ်။ အဲတော့ တဘက်မှာ ပြန်ကြည့်ရင်လည်း ဒီတပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နောက်ပြည်ထောင်စု ကြံံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ရယ် နောက် ပြည်ခိုင်ဖြိုးပါတီနဲ့ ဆက်စပ် ပါတီတွေရယ် အားလုံးပေါင်းလိုက်ရင် ခန့်မှန်းခြေ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၂၁၆ ယောက်လောက် မဲသေချာနေတဲ့ သဘောရှိပါတယ်ခင်ဗျာ။ အဲဒီအခါကျတော့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဒုတိယသမ္မတ ဦးထင်ကျော်ကို သမ္မတဖြစ်ရေးကိုပဲ ဦးစားပေးပြီးတော့ ပုံအော မဲပေးဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။”

လွှတ်တော် ၂ ရပ်ပေါင်း ပြည်ထောင်စု လွှတ်တော်မှာ မဲပေးခွင့်ရှိသူ အရေအတွက်က ၆၅၇ ဦး ရှိတာပါ။ ဒီထဲမှာ ရွေးကောက်ခံ မဟုတ်ဘဲ ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်တဲ့ စစ်သား လွှတ်တော် အမတ်က ၁၆၆ ဦးရှိပြီး အာဏာ လက်လွှတ်လိုက်ရတဲ့ ပြည်ခိုင်ဖြိုးပါတီက လွှတ်တော် ၂ ရပ်ပေါင်း ကိုယ်စားလှယ် ၄၁ ဦး ရှိနေတာကြောင့် တပ်မတော်ဘက်က တင်ထားတဲ့ ဦးမြင့်ဆွေက ၂၀၇ မဲ သေချာ သလောက် ရှိနေပါတယ်။ ဒါ့အပြင် တခြား နိုင်ငံရေး ပါတီတွေရဲ့ ဘယ်သူ့ကို မဲပေးမလဲ မသေချာသေးတဲ့ မဲကလည်း ၆၀ ရှိနေတာပါ။ ဒါကြောင့် လွှတ်တော် ၂ ရပ်ပေါင်း ကိုယ်စားလှယ် ၃၉၀ ရရှိထားတဲ့ NLD ပါတီ အနေနဲ့ သမ္မတ တင်မြှောက်နိုင်ရေး အတွက် ဒုတိယ သမ္မတ တဦးကို ပုံအော မဲပေးမှသာ ရရှိမယ်လို့လည်း သုံးသပ်သူတွေက ပြောဆိုကြပါတယ်။

XS
SM
MD
LG