သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအာဏာသိမ်းမှုပေါ် အရေးယူမှုအသေးစိတ် ကန်သမ္မတက လွှတ်တော်ပို့


US President Joe Biden speaks about the situation in Myanmar in the South Court Auditorium of the Eisenhower Executive Office Building in Washington, DC, February 10, 2021. (Photo by SAUL LOEB / AFP)
US President Joe Biden speaks about the situation in Myanmar in the South Court Auditorium of the Eisenhower Executive Office Building in Washington, DC, February 10, 2021. (Photo by SAUL LOEB / AFP)


မြန်မာနိုင်ငံမှာ အာဏာသိမ်းယူထားတဲ့ စစ်ခေါင်းဆောင်တွေအပေါ် အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်မယ့် အသေးစိတ်အချက်အလက်တွေကို သမ္မတ Joe Biden က အောက်လွှတ်တော်ဥက္ကဋ္ဌနဲ့ အထက်လွှတ်တော် သဘာပတိတို့ဆီကို အသိပေးစာပေးပို့ခဲ့ပါတယ်။ မနေ့က ပို့ခဲ့တဲ့စာကို ဒီနေ့ ဖေဖော်ဝါရီ ၁၁ ရက် နေ့စွဲနဲ့ အိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေအရ အမေရိကန်ပြည်ထောင်စုရဲ့ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် ထူးထူးခြားခြား ခြိမ်းခြောက်နေတဲ့အတွက် အရေးပေါ်အခြေအနေကြေညာပြီး သမ္မတအမိန့် ထုတ်ပြန်တယ်လို့ လွှတ်တော်ခေါင်းဆောင်တွေကို အသိပေးစာပို့တာဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကို တုံ့ပြန်တဲ့အနေနဲ့ စစ်တပ်နဲ့ စစ်တပ်ခေါင်းဆောင်တွေ၊ သူတို့ရဲ့ စီးပွားရေးအကျိုးစီးပွားတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေအပေါ် ပစ်မှတ်ထားပြီး အရေးယူဒဏ်ခတ်မှုတွေ ပြုလုပ်မိန့်ဖြစ်ပါတယ်။ အမိန့်အရ မြန်မာနိုင်ငံ ကာကွယ်ရေးကဏ္ဍအပါအဝင် တခြားစီးပွားရေးကဏ္ဍတွေမှာ လုပ်ကိုင်နေတယ်လို့ အမေရိကန်ဘဏ္ဍာရေးဌာနဲ့ နိုင်ငံခြားရေးဌာနက ဆုံးဖြတ်တဲ့ နိုင်ငံခြားသားဘယ်သူမဆိုရဲ့ ပိုင်ဆိုင်မှုနဲ့ အကျိုးစီးပွားတွေကို ပိတ်ဆို့မှာဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာ့နိုင်ငံက ဒီမိုကရေစီဖော်ဆောင်နေတဲ့ အဖွဲ့အစည်းတွေ၊ လုပ်ငန်းစဉ်တွေကို ထိခိုက်အောင်လုပ်တဲ့ လုပ်ရပ်တွေ၊ မူဝါဒမှန်သမ ျှ၊ ငြိမ်းချမ်း တည်ငြိမ် လုံခြုံရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုတာ၊ စုဝေးတာ၊ ပုံနှိပ်ဖော်ပြတာ၊ ရုပ်သံထုတ်လွှင့်တာတွေကို တားမြစ်၊ ကန့်သတ် အရေးယူတဲ့လုပ်ရပ်၊ မူဝါဒမှန်သမ ျှမှာ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်လုပ်နေသူတွေကို အမေရိကန် အရေးယူဒဏ်ခတ်ပိတ်ဆို့သွားမှာဖြစ်ပါတယ်။ ဒါတင်မက မြန်မာပြည်တွင်း ပြည်သူတွေအပေါ် တရားလက်လွတ် ဖမ်းဆီး၊ နှိပ်စက်တာမျိုး၊ ဒါမှမဟုတ် လူ့အခွင့်အရေး ချိုးဖောက်ကျူးလွန်သူတွေ၊ ၂၀၂၁ ဖေဖော်ဝါရီလ ၂ ရက်နေ့ နောက်ပိုင်း စစ်တပ် ဒါမှမဟုတ် လုံခြုံရေးတပ်ဖွဲ့တွေမှာ တာဝန်ရှိသူ၊ ဦးဆောင်သူတွေ၊ အထက်ပါ ချိုးဖောက်မှုမှာ ပါဝင်သူတွေကိုလည်း ဒဏ်ခတ် အရေးယူသွားမှာဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်း စစ်ကောင်စီထဲမှာ ပါဝင်တဲ့သူတဦးချင်းနဲ့ သူတို့မိသားစုဝင်တွေ၊ စစ်ကောင်စီကို ရုပ်ဝတ္တုဆိုင်ရာ အကူအညီပေးမှုတွေ၊ ဘဏ္ဍာရေး၊ နည်းပညာနဲ့ အကူအညီပေးနေသူတွေအားလုံး၊ စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ပိုင်ဆိုင် ထိန်းချုပ်ထားတဲ့ ပိုင်ဆိုင်မှုတွေ၊ အကျိုးစီးပွားတွေအတွက် လုပ်ဆောင်ပေးနေသူတွေအားလုံးကို ဒဏ်ခတ်အရေးယူသွားမယ်ဆိုတာကို သမ္မတ Biden က အထက်နဲ့ အောက်လွှတ်တော် ခေါင်းဆောင်တွေကို အသိပေးခဲ့ပါတယ်။ ဒါအပြင် အထက်မှာ ပြောခဲ့တာတွေနဲ့ ငြိစွန်းနေသူတွေကို အမေရိကန် ပြည်ဝင်ခွင့် ပိတ်ပင်မှာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အစိုးရခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတေ၊ွ လူ့အခွင့်အရေးဆောင်ရွက်နေသူတွေ၊ သတင်းထောက်တွေ၊ ဘာသာရေးခေါင်းဆောင်တွေကို ဖမ်းဆီးပြီး ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲမှာ ပြည်သူတွေရဲ့ဆန္ဒကို ပစ်ပယ်ခဲ့တဲ့အတွက်ရော၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်အောင် လုပ်တဲ့အတွက် ခုလို အရေးယူဒဏ်ခတ်မှုတွေကို လုပ်ရတာဖြစ်တယ်လို့ အမေရိကန်သမ္မတ Joe Biden ရဲ့ လွှတ်တော်ခေါင်းဆောင်တွေဆီပေးတဲ့စာထဲမှာ ရေးသားထားပါတယ်။ အရေးယူဒဏ်ခတ်မှုတွေကို အမေရိကန် နိုင်ငံခြားရေးဌာနနဲ့ တိုင်ပင်ပြီး ဘဏ္ဍာရေးဌာနက အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။

....................................................








XS
SM
MD
LG