သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ၊ တပ်ချုပ်တို့နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံမှုအပေါ် ပြည်ပတုံ့ပြန်


နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ အပြတ်အသတ် အနိုင်ရလိုက်လို့ အစိုးရသစ် ဖွဲ့ရတော့မယ့် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မနေ့က နေပြည်တော်မှာ သီးခြားဆီ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အခုလို တွေ့ဆုံရာမှာ အစိုးရသစ် တာဝန်လွှဲပြောင်းရေး ချောမွေ့စေဖို့ နိုင်ငံ တည်ငြိမ်အေးချမ်းဖို့နဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး အသေးစိတ် မသိရပေမဲ့ အလားအလာ သိပ်ကောင်းတဲ့ တွေ့ဆုံမှုဖြစ်တယ်လို့ အမေရိကန်အခြေစိုက် Carnegie Institute သုတေသနဌာနက အကြီးတန်း သုတေသနမှူး Vikram Nehru က သုံးသပ်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ဦးကျော်ဇံသာ က တင်ပြထားပါတယ်။

အခု တွေ့ဆုံမှုက ဘယ်လိုသဘောတူညီမှုတွေ ရရှိကြတယ်ဆိုတာ အသေးစိတ် ဘာမှ မသိရပေမဲ့ ဒါဟာ အင်မတန်ကောင်းတဲ့ ပထမခြေလှမ်းတရပ်ဖြစ်တယ်လို့ မစ္စတာ Nehru က သုံးသပ်ပါတယ်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ အစပိုင်းမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကန့်ကွက်မှုတွေ၊ တိုင်တန်းမှုတွေ၊ ပြဿနာတွေ အကုန်လုံးဖြေရှင်းပြီးမှ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ စဉ်းစားမယ်လို့ သူက ပြောကြားခဲ့တာပါ။ အခုနောက်ပိုင်းမှာတော့ သူပြောထားတဲ့အချိန်အထိ စောင့်မနေဘဲနဲ့ တွေ့ဆုံလိုက်တာဟာ အင်မတန်ကောင်းတဲ့ အလားအလာဖြစ်တယ်၊ ပုဂ္ဂိုလ်ရေးပြေလည်မှု ရရှိသွားတဲ့အတွက် ရှေ့ခရီး လမ်းပွင့်သွားပြီဖြစ်တယ်လို့လည်း သူက သုံးသပ်ပါတယ်။

“အစောပိုင်းတုန်းကတော့ ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ကန့်ကွက်မှုတွေ၊ တိုင်တန်းမှုတွေကို ဖြေရှင်းပြီးတော့မှ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဖို့ လိုလားတယ်လို့ ပြောခဲ့တာပါ။ အခုတော့ သူမနဲ့တွေ့တာ အပြုသဘောလို့ ဆုံးဖြတ်ပြီး တွေ့လိုက်ပါပြီ။ မြန်မာ့နိုင်ငံရေးမှာ ပုဂ္ဂိုလ်ရေးပြေလည်မှုက အရေးကြီးပါတယ်။ ဒါဟာ သိပ်အရေးကြီးပါတယ်။ နောင် တွေ့ဆုံမှုတွေအတွက် အခြေခံကောင်း ဖြစ်လာနိုင်ပါတယ်။”

တချိန်တည်းမှာပဲ ပထမတွေ့ဆုံမှုဖြစ်တဲ့အတွက်ကြောင့် သိပ်မျှော်လင့်ထားလို့ မရသေးဘူးလို့လည်း ဆိုပါတယ်။ နောက်ပိုင်းမှာ ဆက်လက် တွေ့ဆုံမှုတွေ လုပ်သွားလိမ့်ဦးမယ်လို့ မစ္စတာ Nehru က မျှော်လင့်နေပါတယ်။ ဒီလို တွေ့ဆုံကြတဲ့အခါမှာ အဓိကထား ဆွေးနွေးကြရမယ့် ပြဿနာတွေကတော့ အများကြီးရှိတယ်။ ပထမဦးဆုံး လုပ်ကြရမှာကတော့ ရှေ့ခရီးအတွက် အချိန်ဇယားတွေကို အသေးစိတ် ချမှတ်ရမယ့် ကိစ္စဖြစ်တယ်လို့ အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ဒီလို အာဏာလွှဲပြောင်းမှုမျိုး အရင်က တခါမှ မရှိခဲ့ဖူးပါဘူး။ ဒါကြောင့် အာဏာလွှဲပြောင်းရေး ဖြစ်စဉ်အသေးစိတ်ကို သဘောတူညီမှုရအောင် လုပ်ကြရပါလိမ့်မယ်။ ပထမလွှတ်တော်ကိစ္စ၊ နောက် သမ္မတ ရွေးချယ်ရေး၊ နောက်ဆုံး သမ္မတသစ်ကို အာဏာလွှဲပြောင်းပေးရေးတို့ ဖြစ်ပါတယ်။ နောက် NLD နဲ့ စစ်တပ် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စ ဖြစ်ပါတယ်။”

ဒါ့အပြင် ဒီအချိန်ဟာ Global Witness ရဲ့ အစီရင်ခံစာ ပေါ်ထွက်လာပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ သယံဇာတတခုဖြစ်တဲ့ ကျောက်စိမ်းကို အာဏာရှင်ဟောင်းနဲ့ လက်ဝေခံ လူတစုက စည်းမဲ့ကမ်းမဲ့ ထုတ်ယူနေတာနဲ့ ပတ်သက်ပြီးတော့လည်းပဲ ဒါကို တရားဥပဒေနဲ့အညီ လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ စစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းဖြစ်တဲ့ ဦးပိုင်ကုမ္ပဏီကိုယ်၌က ဒီအထဲမှာ လက်ဝါးကြီးအုပ်ထားတဲ့ အဖွဲ့အစည်းတခု ဖြစ်နေတဲ့အတွက်ကြောင့် ဒီဟာကိုလည်းပဲ ဥပဒေကြောင်းအရ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းနဲ့အတူ အခွန်နှုန်း သတ်မှတ်ပြီးတော့ ကောက်ခံမယ့်ကိစ္စတွေကို ဆွေးနွေးကြရလိမ့်ဦးမယ်လို့ ဆိုပါတယ်။ သို့ပေမဲ့လည်း အဲဒါဟာ လောလောဆယ် ဆွေးနွေးတဲ့အထဲမှာ အဓိကထားပြီး ဆွေးနွေးရမယ့် ကိစ္စတခုတော့ မဟုတ်သေးဘူးလို့ မစ္စတာ Nehru က သုံးသပ်သွားပါတယ်။

XS
SM
MD
LG