သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခြောက်ပွင့်ဆိုင် တွေ့ဆုံရေး သမ္မတ ပယ်ချ


နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နိုင်ငံကို မိန့်ခွန်းပြောစဉ်။ (မေ ၁၊ ၂၀၁၄)
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နိုင်ငံကို မိန့်ခွန်းပြောစဉ်။ (မေ ၁၊ ၂၀၁၄)

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ၆ပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ဖို့ ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက် ဟာ လောလောဆယ် မဖြစ်နိုင်သေးကြောင်း နိုင်ငံတော်သမ္မတ ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ပြန်ကြားရေး ဝန်ကြီးက ပြောပါတယ်။ နိုင်ငံတော်သမ္မတဖက်က အဖွဲ့အစည်းပေါ် အခြေခံပြီး တွေ့ဆုံဖို့ကို လိုလားတာဖြစ်ပါတယ်။ ၆ပွင့်ဆိုင်ဆွေးနွေးပွဲအတွက် တိုင်းရင်းသား ကိုယ်စားလှယ် အဖြစ် အရွေးချယ်ခံရ တဲ့ ဒေါက်တာအေးမောင် ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး အကျပ်အတည်းကို ကျော်လွန်ရေး အတွက် ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်တဲ့အပေါ် အလေးအနက် ထားသင့်တယ်လို့ ပြောပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ခေတ်စနစ်နဲ့ အညီပြုပြင်နိုင်ဖို့ အတွက် ပြည်ထောင်စု လွှတ်တော်က ၆ပွင့်ဆိုင်တွေ့ဆုံဖို့ ဒီလ ၂၅ရက်နေ့ အရေးကြီးအဆိုတင်သွင်းပြီး ကန့်ကွက်သူ မရှိ အတည်ပြုခဲ့တာဖြစ်ပါတယ်။ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်တဲ့ ၆ပွင့်ဆိုင်ဆွေးနွေးပွဲ မှာ နိုင်ငံတော် သမ္မတ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ၊ ဒေါ်အောင်ဆန်း စုကြည် ၊ တိုင်းရင်းသားအစုအဖွဲ့ ကိုယ်စားလှယ် တဦးနဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ ဖြစ်ပါတယ်။

နိုင်ငံတော်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးရဲထွဋ်ကတော့ ဒီဆုံးဖြတ်ချက်ဟာ လောလောဆည် မဖြစ်နိုင်သေးဘူးလို့ အခုလို ပြောပါတယ်။

"လောလောဆယ်တော့ မဖြစ်နိုင်သေးပါဗျာ။ ဒီဆွေးနွေးပွဲ လုပ်ဖို့ဆိုတာ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျနော်တို့ဘက်က ချဉ်းကပ်ပုံ ချဉ်းကပ်နည်းနဲ့ တဖက်က အဆိုပြုတဲ့ ချဉ်းကပ်ပုံ ချဉ်းကပ်နည်းက ကွာခြားချက် တချို့ရှိနေလို့ဖြစ်ပါတယ်။

ပထမ အောက်တိုဘာ ၃၁တုန်းက လုပ်ခဲ့တုန်းက ကျနော်တို့ အဖွဲ့ကြီးငါးဖွဲ့ပေါ့။ ဆိုတော့ အဖွဲ့ကြီးငါးဖွဲ့မှာ နိုင်ငံရေးပါတီ အစုအဖွဲ့မှာဆိုရင် လွှတ်တော်ထဲမှာရော လွှတ်တော်ပြင်ပမှာ ရှိတဲ့ ပါတီတွေ စုပေါင်းပြီးဖွဲ့ထားတဲ့ ခေါင်းဆောင်တွေကို ဖိတ်ပြီးတော့ ပဏာမ ဆွေးနွေးခဲ့တာပေါ့။ အခုကျတော့ နိုင်ငံရေးပါတီတွေဘက်က တစ်ယောက်ပဲ ရှိမယ်ဆိုတဲ့ သဘောဖြစ်နေတာရှိတယ်။ ဒီလိုမျိုးတွေ ကွာခြားချက်တွေ ရှိတာပေါ့။

နောက်ပြီးတော့ တိုင်းရင်းသားတွေမှာဆိုရင်လည်း မနေ့က သမ္မတကြီးနဲ့တွေ့တဲ့ အချိန်မှာ တိုင်းရင်းသားတွေဘက်ကလည်း ပိုပြီးတော့မှ သူတို့ဘက်က များများပါချင်တဲ့ သဘောထားတွေရှိပါတယ်။ ဒါကြောင့်မို့လို့ လောလောဆယ် မဖြစ်နိုင်သေးဘူးလို့ ကျနော်ပြောတာပါ။"

လွန်ခဲ့တဲ့ အောက်တိုဘာလကုန်တုံးကတော့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ နိုင်ငံရေး ပါတီများ၊ တပ်မတော်၊ ရွေးကောက်ပွဲကော်မရှင် ဆိုတဲ့ အစုအဖွဲ့ ၅ဖွဲ့ အပေါ် အခြေခံပြီး တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ အောက်တိုဘာလကုန်တွေ့ဆုံပြီးနောက်မှာ မကြာခင် ဒီလိုဆွေးနွေးပွဲမျိုး ထပ်မံ ကျင်းပဖို့ ရည်ရွယ်ထားခဲ့ကြောင်း၊ အခု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်နောက်ပိုင်းမှာတော့ ဒီဆွေးနွေးပွဲ မျိုး နောက်တကြိမ်ဆွေးနွေးဖို့ အတွက် ခက်ခဲသွားကြောင်း ဦးရဲထွဋ်က ပြောပါတယ်။

နိုင်ငံတော်သမ္မတရဲ့ သဘောထားနဲ့ ပတ်သက်ပြီး ၆ပွင့်ဆိုင်ဆွေးနွေးပွဲအတွက် တိုင်းရင်းသား ကိုယ်စားလှယ် အဖြစ် အရွေးချယ်ခံရတဲ့ ဒေါက်တာအေးမောင် ကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။

"ပြည်ထောင်စုလွှတ်တော်ရဲ့ ဖွဲ့စည်းပုံဆိုင်ရာ ဆိုတဲ့အချက်ကြီးကို ကျော်လွှားမယ့် နည်းလမ်းကို တွေ့ဆုံဆွေးနွေးရေး နည်းနဲ့ ဖြေရှင်းလိုတယ်။ အကြောင်းအကျိုး ခိုင်လုံစွာ တင်ပြချက် အပေါ်မှာ အလေးအနက်ထား စဉ်းစားစေလိုပါတယ်။ ဘာကြောင့်လဲဆိုရင် သမ္မတကြီးက ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမြင့်ဆုံးသော မဏ္ဍိုင်သည် ကျနော်တို့ရဲ့ ဥပဒေပြုမှု မဏ္ဍိုင်ဖြစ်တဲ့ ပြည်ထောင်စု လွှတ်တော်ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တစ်ဆို့မှုရှိတယ်ဆိုတာ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၄၀ ကျနော်တို့ရဲ့ ဒီဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ပတ်သက်တဲ့ အစီရင်ခံစာကို ဆွေးနွေးတဲ့မြင်ကွင်းကို ကြည့်ရင် သိနိုင်ပါတယ်။ အဲ့တော့ ဖွဲ့စည်းပုံတစ်ဆို့မှု ကျော်လွှားနိုင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက် လို့ ပြင်ဆင်နေကြတဲ့ ပြည်ထောင်စု လွှတ်တော်ရဲ့ ပါလီမန် ကနေ တပြိုင်နက် တောင်းဆို တဲ့ ဖြေရှင်းနိုင်တဲ့ နည်းလမ်းဖြစ်တဲ့အခါမှာ ထည့်သွင်း စဉ်းစားဖို့ တာဝန်သည် နိုင်ငံတော် အကြီးအကဲမှာ ရှိပါတယ်။"

ပြည်ထောင်စု လွှတ်တော်က တင်ပြတဲ့ ၆ပွင့်ဆိုင်သဘောတရားဟာ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးဆိုင်ရာ လွှတ်တော် ၂ရပ်၊ တပ်မတော်၊ အဓိက အင်အားကြီး အတိုက်အခံပါတီနဲ့ တိုင်းရင်းသားအင်အားစုကို ကိုယ်စားပြုတာဖြစ် တယ်လို့လည်း ဒေါက်တာအေးမောင်က တင်ပြပါတယ်။ တကယ်လို့ ၆ပွင့်ဆိုင်တွေ့ဆုံမယ် ဆိုရင် ဖွဲ့စည်းပုံ အကျပ်အတည်းကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ကြောင်း လည်း ပြောပါတယ်။

"ဥပဒေပြုမဏ္ဍိုင်ရဲ့ ခိုင်လုံတဲ့ အကျိုးအကြောင်းတွေကို ဖော်ပြတဲ့ သဝဏ်လွှာ တခု ရောက်သွားရင် သမ္မတကြီး တာဝန် လုံးလုံးလျားလျား ဖြစ်သွားပါပြီ။ ကာကွယ်ရေးဦးစီးချုပ် ကလည်း ကျိုးကြောင်းခိုင်လုံစွာနဲ့ လက်ခံလာနိုင်ပါလိ့မ် မယ်။ ခြောက်ပွင့်ဆိုင် ဆိုတဲ့ ကဏ္ဍကို တင်ခြင်းသည် အားလုံးရဲ့ ထွက်ပေါက်တခုဖြစ်တယ်။ ပြည်ထောင်စုရဲ့ ထွက်ပေါက်၊ ဖွဲ့စည်းပုံရပ်တည်ရေးရဲ့ ထွက်ပေါက် ဆိုတာကို ကျနော်တို့လည်း ဒီလိုပဲ ခံယူပါတယ်။ အောင်မြင်တဲ့ ပြည်ထောင်စု လွှတ်တော်ရဲ့ ချဉ်းကပ်မှုလို့ နားလည်ပါတယ်။ ကျနော်တို့လည်း ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်မယ် ဆိုရင် သမိုင်းတွင်မယ့် ဖွဲ့စည်းပုံ တခုကို ပျော့ပျော့ပြောင်းပြောင်းလေးနဲ့ ညှိနှိုင်းဖြေရှင်းနိုင်ခဲ့တယ်ဆိုတာမျိုး ဖြစ်သွားနိုင်ပါတယ်။"

လောလောဆယ်မှာတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့သဘောထားကို ထုတ်ပြန်တာမရှိသေးပါဘူး။ ပြည်ထောင်စုလွှတ်တော်ကတော့ ဖွဲ့စည်းပုံပြင်ဆင်ရေး အတွက် ပြန်လှန်သုံးသပ်ဆွေးနွေးထားပြီး နောက် တကြိမ်ကျင်းပမယ့် လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဥပဒေမူကြမ်းကို တင်သွင်းဖို့ရှိနေပါတယ်။

XS
SM
MD
LG